Friday, February 17, 2012

ဖွာလန်ကြဲ ည(သို့) အိပ်မက်

   ခေါင်မိုးကမှ မလုံတာ
အိပ်မက်တွေခြံခုန်တာမဆန်းပါဘူး
လောလောဆယ်တော့
သံပတ်ပေးထားတဲ့နာရီက 
ရန်သူဖြစ်နေဆဲပဲ
အချိန်တွေတန်ဖိုးရှိမှန်း
ခပ်ဖျန်းဖျန်းလေးသိခဲ့တာကြာပြီ
ဒါပေမယ့်
ငါ့မျက်လုံးတွေက  ပညာမတက်တော့
ညထဲကိုခုန်ဝင်လာတာမဆန်းပါဘူး
မနက်ဖန်အတွက် လျာထားတဲ့ ဇယားတွေ
အာရုံကန့်လန့်ကာနောက်ကွယ်မှာ
ကမောက်ကမ ဖြစ်တာထုံးစံပဲ
ကုန်လွယ်လိုက်တဲ့ အလင်းတွေ
တစ်နေ့တာ ၀တ်ရုံကိုလဲလှယ်ရင်းက
အိပ်တန်းပြန် ညတစ်အုပ်နဲ့
ကရွတ်ကင်းလျှောက် သံသရာ
တကယ်တော့ 
ဘ၀ဆိုတာ 
ညာတာ ပက်တေးနဲ့ ချော့သိပ်တာခံရတဲ့
အိပ်မှုန်စုံမွှားတေးတစ်ပုဒ်ပဲဆိုတာ 
သိပြီးရင်းသိနေတော့တာပါပဲလေ..............

Saturday, February 11, 2012

အကြောက်ဆုံးအရာကို ကြိုတင်ခံစားခြင်း

   သံယောဇဉ် ကြီးမားတဲ့ လူတွေတိုင်း ကြိုတင် ပြင်ဆင်ထားသင့်တဲ့
 အကြောင်းလေးပါ ...လူတွေတိုင်းဟာ ကိုယ်ချစ်တဲ့ ကိုယ်သိပ်မြတ်နိုးတဲ့ လူတွေနဲ့ ခွဲခွါကြရတဲ့ အခါမှာ အလွန်ပဲထိထိခိုက်
ခိုက် နဲ့ ကြေကွဲစွာ ခံစားရတက်လေ့ရှိပါတယ်...ဒီအကြောင်းလေးကို
ရေးချင်နေတာတော်တော်ကြာပါပြီ...ဘာကြောင့်လဲဆိုတော့ ကိုယ်ကို
တိုင်က ရဟန်းတစ်ပါးဖြစ်နေတဲ့ အတွက်ကြောင့်လူတွေရဲ့ နောက်ဆုံး
ခရီးတော်တော်များများကို လိုက်ပို့ရင်း ရလာတဲ့ သံဝေဂ ခံစားချက်လေးတွေဖြစ်နေတဲ့အတွက်ကြောင့်ပါပဲ....လူတွေဟာ ကိုယ်တိုင် ဝေဒနာကိုခံ စားရမှ သူတစ်ပါးကို စာနာနားလည်တက်တဲ့အမျိုးဆိုတော့ သူတစ်ပါး တွေရဲ့ သောကကို နားလည်သဘောပေါက်ခံစားပေးတက်ဖို့ဆိုတာလည်း မဖြစ်နိုင်ဘူးလေ..ကိုယ်သိပ်မြတ်နိုးရတဲ့ သူတစ်ဦးတစ်ယောက် ရုတ်တရက် လူ့လောကကြီးကို စွန့်ခွါသွားကြတဲ့အခါ အရူးမီးဝိုင်း ခံစားကြရလေ့ရှိပါတယ်....တကယ်တော့ လူသားတိုင်းဟာ မွေးလာ
ကတည်းက သေမိန့်ကျပြီးသား အကျဉ်းသားတွေဖြစ်နေပြီးသားမဟုတ်
လား...ဒါပေမယ့် ဘယ်သူကမှ ငါသေမယ်လို့ မတွေးကြပါဘူး...သေခြင်းနဲ့ ပတ်သတ်တဲ့ စကားလေးများကိုပြောမိတာတောင်မှ ဖွဟဲ့ လွဲပါစေ ဖယ်ပါစေ ဆိုပြီး
သေခြင်းတရားကို ထိတ်လန့်ကြောက်ရွံ့တက်ကြပါတယ်...ဘ၀ကို
တပ်မက်တဲ့တဏှာ ပြင်းထန်လေလေ သေရမှာကိုကြောက်လေလေပါ
ပဲ...အဲဒီလိုပဲ သေခြင်းတရားကို ကိုယ်ကိုယ်တိုင်လည်းကြောက်သလို
ကိုယ့် မြတ်နိုးချစ်ခင်ရတဲ့သူတွေနဲ့လည်း ကွေကွင်းရမှာကိုလည်း မလိုလားကြပါဘူး....သံသရာနဲ့ချီပြီး တရားတွေမဟောလိုပါဘူး....
တကယ်ကြုံလာရမယ့် ဒီအဖြစ်တွေကို ပေါ့ပေါ့ပါးပါး ဖြေသိမ့်နေနိုင်ဖို့
အလွယ်နည်းလမ်းလေး ပေးချင်ပါတယ်...မိဘတွေနဲ့ ခွဲခွါပြီး ကိုရင်ဘ၀နဲ့ စာသင်တိုက်ကို စထွက်ခဲ့တာ ၁၅ နှစ်သားလောက်ကပါ
ဒါပေမယ့် သံယောဇဉ်တရားရဲ့ ထိုးနှက်ချက်ကြောင့် မကြာခဏ ခိုးခိုးပြီးငိုခဲ့ရတာကိုလည်းအမှတ်ရမိသေးတယ်...ပြန်ပြောရင် ရှက်ဖို့လည်းကောင်းပါတယ် ဘုရားသားတော်တစ်ပါးအနေနဲ့ ဆိုရင်ပေါ့..ဒါပေမယ့် ပုထုဇဉ်လူသားတစ်ယောက်အနေနဲ့လို့ ဖြေသာမယ်ဆို ဖြေသာနိုင်ပေ
မယ့် ...တစ်ကယ်လည်းရှက်တဲ့အတွက်ကြောင့် ဖြေသာစရာနည်းလမ်းလေး
တွေ စဉ်းစားမိခဲ့ပါတယ်...ပြီးတော့ မိဘတွေကလည်း ကျန်းမာရေးတွေ မကောင်းကြတော့ ငါမရှိတုန်းသေများသွားရင်ဆိုတဲ့ 
အတွေးနဲ့ ပူလောင်ရတာကြောင့်လည်း ပိုဆိုးပါတယ်....အဲဒီအခြေ အနေမှာ ဒီနည်းလေးကို စဥ်းစားမိခဲ့တာပါ...ငါဟာ သူတို့နဲ့ အတူတူ
ရှိလည်း သူတို့သေလည်း ငါဘာမှ တက်နိုင်လိမ့်မယ် မဟုတ်ဘူး....ငါ
သေလည်း သူတို့ဘာမှာတက်နိုင်မှာ မဟုတ်ဘူး ....ကိုယ်ကသာ ကြိုတင်ပူဆွေးပြီး သောကရောက်နေရတာ...ဒါကြောင့်ကိုယ်လုပ်ပေး
နိင်တဲ့ အနေအထားတစ်ခု ဖြစ်တဲ့ နေ့စဉ်မေတ္တာပို့သပေးခြင်း တက်
နိုင်သလောက် ပေးကမ်းထောက်ပံ့ခြင်း  တရားစာအုပ် တွေဖတ်ရှူစေခြင်း တရားရိပ်သာတွေကို ၀င်နိုင်အောင်
ကြိုးပမ်းပေးခြင်းစတဲ့ ကောင်းတာတွေကို လုပ်ပေးဖြစ်ခဲ့ပါတယ်...
အဲဒါကြောင့်ပဲ ကိုယ့်လုပ်ရမယ့်စာပေသင်ကြားခြင်းအလုပ်ကို 
အလုပ်ကို ဖြောင့်မတ်တည်ငြိမ်စွာ လုပ်နိုင်ခဲ့ပါတယ်....အဓိက ပြော
ချင်တဲ့ အချက်ကတော့  ကိုယ့်တက်နိုင်တဲ့ အရာတွေကို အကောင်း
ဆုံး လုပ်ပေးပြီးတော့ သူတို့ကို သေကြည့်လိုက်ပါတယ်....ပြီးတော့ 
ကိုယ်ကိုယ်တိုင်သေကြည့်လိုက်ပါတယ်.....တစ်ကြိမ်တစ်ခါတည်း တော့
ဘယ်ရလိမ့်မလဲပေါ့ ...အကြိမ်ပေါင်းမြောက်များစွာ  ဆင်ခြင်သုံးသပ်ပစ်လိုက်တော့ စိတ်ထဲမှာ အေးချမ်းလာတယ် သေခြင်းတရားနဲ့ ပတ်သတ်ပြီးစိုးရိမ်ကြောက်လန့်မှုတွေ...ချစ်ခင်သူတွေနဲ့ ကွဲကွာရရင်
ခံစားရမယ့် အပူတွေတော်တော်လေးငြိမ်းအေးလာတာ ကိုယ်တိုင်ခံစားမိလာပါတယ်...ပြောချင်တာတွေကတော့ အများကြီး
ပါပဲ...ဒါပေမယ့် အဓိက ပြောချင်တာလေးတွေ ပျောက်သွားမှာစိုးလို့
ဒီနေရာမှာပဲ နိဂုံးချုပ်ရင်း ပြောချင်တာက သောကတွေ အပူတွေ ငြိမ်း
အေးချင်ရင်တော့ ကိုယ်ကိုယ်တိုင်နဲ့ ကိုယ့်ချစ်ခင်ရသူတွေ မသေခင်မှာ အလုပ်သင့်ဆုံးကတော့ (၁)လုပ်သင့်တာတွေကို ပြီးအောင်လုပ် ကိုယ့်အတွက်ရော သူတစ်ပါးအတွက်ပါ(၂) ကိုယ်ကိုယ်တိုင်လည်း ခဏခဏ သေကြည့်ပါ အတွေးထဲမှာ..ကိုယ်ချစ်ခင်ရသူတွေ ကိုလည်း သေခိုင်းပါ ...အဲဒီလိုသာ အမြဲမဟုတ်တောင် ကြုံတဲ့ အခါတိုင်း မကြာခဏ 
ဆင်ခြင်ပေးထားမယ်ဆိုရင် တော့ ကွေကွင်းရခြင်း ဆိုတဲ့ ဆင်းရဲခြင်း
ကနေ အတော်အတန် သက်သာကောင်းသက်သာနိုင်ပါတယ်ဆိုတာ
တင်ပြလိုက်ရခြင်းဖြစ်ပါတယ်.....
လူသာအားလုံးအပူဝေးကြစေဖို့ ဆုတောင်းမေတ္တာ ပို့သလျှက်........

Thursday, February 9, 2012

ယုံကြည်ချက်ပေါ် နင်းလျှောက်သူများ

 ယုံကြည်ချက်ဆိုတာ မပျက်စီးဆင်းနေတဲ့ ရေလိုပါပဲတဲ့
 လူသားတိုင်းဟာ ကိုယ်ယုံကြည်ရာ လမ်းမပေါ်မှာ လျှောက်လှမ်းနေကြ
သူတွေချည်းပါပဲ....ကိုယ့်ယုံကြည် ချက်ကို မူသေဆုပ်ကိုင်ပြီး ဘ၀အခက်အခဲတွေ ကို တွန်းလှန်ကျော်ဖြတ်ကြသူတွေရှိသလို
လမ်းတစ်ဝက်မှာပဲ ကျောခိုင်း လက်လျှော့ပြန်ကြသူတွေကလည်း ပေါ
လှပါဘိ...ဘုရားရှင်ကိုယ်တော်မြတ်ကြီးတောင် သဗ္ဗညုတရွှေညာဏ်တော်ကြီးကို ရဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ မရေတွက်
နိုင်တဲ့ ကာလရှည်ကြီးကို ကျော်ဖြတ် ရင်ဆိုင်ခဲ့လို့သာ နောက်ဆုံး
ပန်းတိုင်ကို လှမ်းကိုင် ဆုပ်ယူနိုင်ခဲ့ခြင်းဖြစ်ပါတယ်...
ကမ္ဘာကြီးပေါ်မှာ ကိုယ့်ယုံကြည်ချက်ကို ဆုပ်ကိုင်ဖက်တွယ်ရင်း အ  သက်ကိုတောင်အသေခံသွားကြတဲ့သူတွေလည်းတော်တော်များပါ
တယ်..ဘာကြောင့်များအသေခံပြီး တောင်မှ ကိုယ့်ယုံကြည်ချက်ကို 
ချစ်မြတ်နိုးခဲ့ကြပါလိမ့်မလဲလို့ တွေးကြည့်ရင် သူတို့ဟာ သူတို့ နှလုံးသားကို သစ္စာမဖောက်ချင်ကြလို့ပဲဖြစ်ပါတယ်....သူတို့ယုံကြည်ချက်ကို ဘယ်အရာနဲ့မှ မလဲနိုင်လောက်အောင် မြတ်နိုးတန်ဖိုး ထားကြလို့ပဲ
ဆိုတာ သိသာထင်ရှားနေပါတယ်...
သို့သော်လည်း ဘယ်လောက်ပဲ ယုံကြည်ချက်တွေပြင်းထန် တောက်လောင်နေပါစေ ..ကိုယ်ယုံကြည်
ထားတဲ့ အချက်၊ ကိုယ်ဆုပ်ကိုင်ထားတဲ့ အရာက တည့်တော် မှန်ကန်
မှု့ဖြစ်ဖို့အတွက်တော့ အရေးကြီးလှပါတယ်....စစ်မှန်မှု့ တရားတွေကနေသွေဖယ်ယိမ်းပါး တဲ့ ယုံကြည်ချက်ပြင်းထန်မှု့ကတော့
အရေးပါအရာရောက်လိမ့်မယ်မဟုတ်ပါဘူး....ကိုယ့်ယုံကြည်ချက်ရဲ့
အကျိုးရလဒ်ကြောင့် လူတွေဘယ်လောက်လောက်များများကို 
ချမ်းသာတဲ့လမ်းကို ဆောင်ကြဉ်းပေးနိုင်မလဲဆိုတာက ပဲ မှတ်ကျောက်တင်ပေးနိုင်တယ်လို့ ထင်မိပါတယ်....ဘာသာရေး၊ စီးပွါး
ရေး ၊ပညာရေး စတဲ့နယ်ပယ်တွေတိုင်းမှာ အဲဒီလို ယုံကြည်မှု့ အမှားတွေ ကိုဖတ်တွယ် စီးမျောနေတာတွေတော်တော်များများတွေ့ရပါတယ်.....ဘုရားရှင်ရဲ့
အဆုံးအမဒေသနာတော်အတိုင်းပြောရမယ်ဆိုရင်တော့ ပြင်းထန်တဲ့
အစွန်းတရားတွေကိုရှောင်ရှားပြီး တည့်မတ်ဖြောင့်တန်းတဲ့ လမ်းစဉ်ကို ရွေးချယ် ပြီး ဘယ်လိုယုံကြည်ချက်မျိုး ကို ပိုင်ပိုင်နိုင်နိုင်
ချရမလဲဆိုတာ သိကြစေချင်ပါတယ်......ယုံကြည်ချက် ကတိမ်းကပါး
ဖြစ်သွားရင် သံသရာကြောမှာ မျောပါနစ်မြုပ်သွားမှာစိုးတာ ဘုရားရှင်တော်တိုင်းရဲ့ အနန္တ မေတ္တာတော်ကြီးပါပဲ......နောက်ဆုံးအနေနဲ့ကတော့ ကိုယ့်ယုံကြည်ရာ လမ်းမပေါ်မှာလျှောက်တဲ့အခိုက် ဘယ်လိုအရာတွေကိုမှ ပွတ်တိုက် တိုက်ခိုက် မသွားမိစေဖို့ အတက်နိုင်ဆုံးရှောင်ရှားနိုင်ကြပါစေ....ကိုယ့်ပန်းတိုင်ခရီးကို ချောချော
မွေ့မွေ့ ရောက်ရှိ ရရှိနိုင်ကြပါစေလို့ ဆန္ဒပြုရင်း......................
       

Wednesday, February 8, 2012

အထက်လမ်းက သွားမှာလား

  ပေးဆပ်ခြင်းက ဆက်သွယ်ခြင်းရဲ့ နိဒါန်းပါ..ပေးခြင်းကြောင့် ပဲ
လူနှစ်ယောက်ရဲ့ဆက်သွယ်ခြင်းတွေ ခိုင်မြဲလာမယ်...လူအများနဲ့
ရဲ့ကြားမှာလည်း ရဲရင့်လာမယ် ....လူတွေ ဆင်းရဲကြတယ်ဆိုတာ 
ပေးကမ်းခြင်းရဲ့တန်ဖိုးကို သေသေချာချာဂဃနဏ  မသိကြသေးလို့ပါ
လူဆိုတာ ကိုယ်ကသာ မပေးခြင်တာ သူတစ်ပါးဆီက ရယူချင်ကြတာ
တော့ ဓမ္မတာပါပဲလေ...သူတစ်ပါးကို မပေးချင်လို့ ကိုယ့်ပစ္စည်းဥစ္စာတွေ ကုန်ခမ်းသွားမှာစိုးလို့ ဖွက်ထား သိမ်းထားကြ
ဦးမယ်ဆိုရင် ယခု ဘ၀ မှာရော နောက်ဘ၀ တွေမှာပါ ဆင်းရဲ ခြင်း
တရားနဲ့ ကင်းလွတ် နိုင်ကြဦးမယ် မဟုတ်ဘူး...သူတစ်ပါးကို ပေးကမ်းခြင်းဆိုတဲ့ဒါနတရားတွေ ခေါင်းပါးနေ
သမျှ လူတွေ မွဲတေမှုနဲ့ ကွာရှင်းနိုင်ကြဦးမယ်မဟုတ်ဘူး...ဘာကြောင့်
လဲဆိုရင် ကိုယ့်ဥစ္စာပစ္စည်းကို တပ်မက် ၀န်တိုမှု မစ္ဆရိယ တရားတွေ
ထားပြီး မပေးချင်မကမ်းချင်တဲ့ စိတ်တွေ ရှိနေသမျှ ဆင်းရဲမွဲတေခြင်း 
အသိုက်အမြုံထဲက ထွက်မြောက်နိုင်ကြမှာမဟုတ်ဘူး...ဒါကြောင့်လည်းပဲ ဒါနဆိုတဲ့ ပေးကမ်းတက်ခြင်းတရားကို ချစ်ဆေး ပွင့်ဆေး  အောင်မြင်ဆေး  တိုးတက်ဆေး သံသရာချမ်းသာဆေးလို့ပြော
ရလောက်အောင် ပဲ အရေးကြီးလှပါတယ်...ဘုရားရှင် ကိုယ်တော်
မြတ်ကြီးတောင်မှ သဗ္ဗညုတရွှေညာဏ်တော်ကြီးကို ပိုင်ဆိုင်နိုင်ဖို့အတွက်
ပါရမီ ဆယ်ပါး အပြာသုံးဆယ် တွေကို ဖြည့် ကျင့်တဲ့နေရာမှာ ဒါနပါရမီ
ကို အစဦးဆုံးဖြည့်ကျင့်ခဲ့ရတာပါပဲ...မရေတွက်နိုင်လောက်တဲ့ ဘ၀တွေကျင်လည်ခဲ့ရတဲ့နေရာ မှာလည်း မလှူဘူးတဲ့ အရာမရှိ 
ဆိုရလောက်အောင်လည်း လှူတမ်းပေးကမ်း ခဲ့တာပါပဲ ...တစ်စုံတစ်ယောက်သာ အလိုရှိရင် အသက်ကိုတောင် ပေးလှူခဲ့
တဲ့အထိ ဒါနပါရမီကို အစွမ်းကုန် ဖြည့်ကျင့်ခဲ့ဘုရားရှင်ပါ.....
ဒါကြောင့် (Itivuttaka Pali) တော်မှာ ဒီလိုဟောကြားခဲ့ပါတယ်..
အို ရဟန်းတို့
ပေးကမ်းလှူဒါန်းခြင်းရဲ့ တန်ဖိုးကို
ငါဘုရားရှင်သိသလောက်သာ အခြားသူ
တွေသာ သိမယ်ဆိုရင် အနည်းဆုံး လက်တစ်
ဆုပ်စာမျှလောက်သော စားမြိန်ကို ပေးကမ်းလှူဒါန်း
ခြင်းမပြုဘဲ စားမိမှာမဟုတ်ဘူး.. တွန့်တို နှမျောစိတ်နဲနဲတောင်
ရှိမှာမဟုတ်ဘူး..တစ်စုံတစ်ယောက်သော အလှူခံပုဂ္ဂိုလ်သာရှိမယ်ဆို
ဆိုလျှင် စားနေဆဲ ပုဂံထဲက နောက်ဆုံးအပိုင်းလေးကျန်တာတောင်
မှ သူတို့ပေးကမ်းကြမှာ ဧကန်မလွဲပါဘူး
ဒါကြောင့် သံသရာကျင်လည်ရာ ဘ၀တစ်လျှောက်မှာ အထက်တန်း
က မျက်နှာပန်းလှလှ သွားလာ နေထိုင်ကျင်လည်ကျက်စား နေချင်ရင်
တော့ ဒါနပါရမီ ကို စွမ်းနိုင်သလောက် ဖြည့်ကျင့်ကြဖို့ လိုတယ်
ဆိုတဲ့အကြောင်း တင်ပြရင်း နိဂုံးချုပ်ပါတယ်..........

သွားစမ်းပါ

သွားစမ်းပါ သူတောင်းစားတစ်ယောက်မှာတောင်
သူပိုင်ဆိုင်တဲ့ ဟီန မာန်ဆိုတာရှိသေးတာပဲ
လူတိုင်းမှာ မာနတွေရှိတာ မဆန်းပါဘူး
ဒါပေမယ့် အဲဒီမာနတွေကပဲ ကိုယ့်ဘ၀ကို
အောက်ကို ပြန်ဆွဲချ နစ်မြှုပ်တက်ပါလား
ဆိုတာ သိထားရင် တောင်မဆိုးပါဘူး......
       အားလုံးဟာ အနှစ်တစ်ရာ လေးအတွင်း သက်ဝင် နေထိုင်ခွင့် ပါမစ်လေးရထားရုံလေးပါပဲ.....သင်ဘယ်လိုလူစားလဲ...သင်သိထား
တာတွေက ဘယ်လောက်များနေလို့လဲ...လောကကြီးထဲမှာ သိစရာတွေ အရမ်းများတယ်...တက်ချင်တယ်ဆို တက်သိသင့်တာတွေလည်း ဒုနဲ့ဒေးပဲ ...ဘာမာနလဲ
လူ နဲ့လူချင်းအတူတူ ပဲ  တစ်ဦးနဲ့တစ်ဦး သေခြင်းတရားက မဖိတ်ခေါ်သေးခင်လေး တွေ့ကြဆြုံကရတာ ..ဒီအခိုက်အတန့်လေးမှာတောင် သင့်မာန ဆူးတောင်တွေကို ကွယ်ဝှက်မထားနိုင်ဘူးလား.....ဒါဆိုရင် လူများတွေကတော့ သင့်ကို
ယာယီခဏတော့ အထင်ကြီးကြမှာပဲ....သင့်အကြောင်းတွေသိလာတဲ့
တစ်နေ့ကြရင်တော့ သင် ဂွမ်းသွားမှာပဲ....သင့်လို မာနဆူးတောင်မျိုးက လူတိုင်းမှာရှိနေကြတဲ့အတွက်ကြောင့်ပါ
ပြီးတော့ သူတစ်ပါးရဲ့ မာနတရားတွေကို လည်း သွားပြီး မထိခက် မိစေနဲ့ ...အကောင်းဆုံးကတော့ သင်လည်း သေမှာပဲ ကျွနုပ်လည်းသေမှာပဲ သေမိန့် ကျပြီးသားလူချင်း ဂျိုထောင်နေတယ်
ဆိုတာတော့ ရယ်စရာလည်းကောင်းလွန်းပါတယ်...
သွားစမ်းပါ ကျွနုပ်လည်း ဆူးတွေချိုးထားတယ်....ဘယ်သူ့ကိုမှ မထိမိစေဖို့ပေါ့....ဘာကြောင့်လည်းဆိုတော့ ဘာမှမဟုတ်လို့ပဲ.....
ဘာမှ မဟုတ်တာကို ဘာမှ မဟုတ်မှန်း သိလို့ ဘာမှလည်းမဟုတ်ချင်တော့ဘူး......ဒါကြောင့် အေးအေးပဲနေချင်တယ်
သွားစမ်းပါ ......
တစ်နေရာမှာထားခဲ့ 
အဲဒီမာနတွေ
ကျွနုပ်တို့ တွေ အေးချမ်းသင့်သလောက်အေးချမ်းကြရအောင်.......... 

မဆုံးသော

 မျှော်လင့်ချက်ဆိုတာ
 လောကအကြောင်းကို 
ပိုသိလာတဲ့ လူတွေအတွက်
နောက်ထပ်ခြေတစ်လှမ်းပါပဲ...
    ငယ်ငယ်တုန်းကတော့ ဘာဖြစ်ချင်တယ် ဘာလုပ်မယ် ဆိုတဲ့ 
မျှော်လင့်ချက်တွေ ကို ခေါင်းပေါ်ရွက်ရင်း ပေါ့ပေါ့ပါးပါး ဖျက်သန်းခဲ့
ကြတာပဲ ...ဘယ်လိုဖိအားတွေကမှ ခြေလှမ်းတွေကို  ယိုင်နဲ့မသွား
စေခဲ့ဘူးလေ....လောကဓံရိုက်ချက်တွေနဲ့ တစ်စတစ်စ ယဉ်ပါးလာတဲ့
အခါကြတော့ မျှော်လင့်ချက်တွေက တောင်ယိမ်း မြောက်ယိုင် ဖြစ်လာကြတယ်...ငါရဲ့ ဦးတည်ရာက ဘာလဲ? ငါဘယ်လဲလို့ မေးတက်
လာတဲ့ အထိ လောကကြီးထဲ မှာ အခြေခံ ဘာသာဗေဒတွေ ကိုအပတ်တကုတ် လေ့လာဆည်းပူးရင်း  မှတ်တိုင်တွေ အလီလီ 
ကျော်ဖြတ် ဘ၀မှာ ရင့်ကျက်တယ်ဆိုရုံလေး ရင့်ကျက်လာခဲံပြီးတဲ့နောက် ငါဘယ်လဲ ငါဘာလဲဆိုတဲ့မေးခွန်းကို ဖြေ
ဖို့အတွက် ငါဘာမှ မသိ မတက်သေးပါလားလို့လည်း သိလာခဲ့ရတယ်
ကိုယ်ဖြစ်ချင်တာနဲ့ သွေဖီသွားတာ များတော့လည်း ဘာဖြစ်ချင်တာ
လည်းလို့ ကိုယ့်ကိုယ်ကို မေးဖို့တောင် နဝေတိမ်တောင်ဖြစ်ရပြန်ပြီပေါ့
ဒါပေမယ့် လူဆိုတာ မျှော်လင့်ချက်နဲ့ ရင်ချင်းအပ်ထားရတဲ့ သတ္တ၀ါတွေ
ဆိုတော့  သူ့မျက်နှာလေးကိုတော့ မော့ကြည့်နေရဦးမှာပလေ...
လူ့လောကကြီးထဲ ၀င်ဆန့်ဖို့ အတွက်နဲ့  ရပ်တည်နိုင်ဖို့အတွက်ရယ်
အရေးတွေကရှိနေသေးတယ်ဆိုတော့ ဖြစ်သင့်ဖြစ်ထိုက် ရှိသင့်ရှိထိုက်
တဲ့ မျှော်လင့်ချက်တွေ ကို တော့ ထားကြရမှာပဲပေါ့.....အဲဒီလို မျှော်လင့်ချက် တွေကို ထုပ်ပိုးရင်း မဆုံး
နိုင်တဲ့ လမ်းပေါ်မှာ လျှောက်ရင်း တစ်နေ့တော့လည်း ဘယ်သူမှ မျှော်လင့် တောင့်တ မထားတဲ့ သေခြင်းတရားရဲ့ ရင်ခွင်ထဲ
မှာ ခေါင်းချရ ဦးမှာပါလားဆိုတာကိုလည့်း မျှော်လင့်ထားကြစေလိုပါသည်...




Thursday, February 2, 2012

သိသမျှ

    လူတွေက ဘာကြောင့် ကိုယ်လုပ်တဲ့ အလုပ်မှန်သမျှ အမှန်တွေချည်းပဲထင်နေတက်ကြတာလဲ?
လူဆိုတာ  အမှားနဲ့ ကင်းပြီးနေလို့မရတဲ့ သတ္တ၀ါ တွေပါ
ဒါပေမယ့် ကိုယ်မှားတာကို မှားပါတယ်လို့ စဉ်းစားဆင်ခြင်တက်တဲ့ 
စွမ်းပကားနဲ့ ပြည့်စုံတဲ့ အသိညာဏ်တော့ ထိုက်သင့်သလောက်တော့ 
လိုတာပေါ့လေ....အမှားဆိုတာ လှုပ်ရှားရုန်းကန် နေသမျှတော့ ရှိနေမှာမလွဲဘူး   ...မှားခဲ့ကြတယ်...မှားနေကြတယ်....နောင်လည်း
မှားနေကြဦးမှာပါပဲ..ဒါဟာ လူသားတစ်ယောက် အတွက်တော့ တစ်သက်တာ မှားခွင့်လိုင်စင် လို့ဆိုရမှာပဲ..
သို့ပေမယ့်လည်းတစ်ချို့သော အမှားတွေက ဘ၀ တစ်ခုပျက်သုဉ်းသွားရလောက်အောင်ကို ပြင်းထန်လှပါတယ်...
 အင်းလေ လူတိုင်းကလည်းမမှားချင်ကြပါဘူး ....သို့ပေမယ့်လည်း
အမှားတွေက လျှက်တစ်ပျက် ရောက်လာတက်ကြလွန်းတော့
ဆင်ခြင်စဉ်းစားဖို့ အချိန်မရလိုက်တာတွေတောင်ရှိတယ်
တစ်ခါတစ်လေကြတော့လည်း  မှားခဲ့ပြီးလို့ တောင် ဒါဟာ အမှား
ကြီးဖြစ်ပါတယ်လို့ မသိတဲ့ လူတွေလည်း အရမ်းများတယ်
အဆိုးဆုံးသော အသုံးမကျမှု ကတော့ ကိုယ်မှားတာကို 
ကိုယ်မိုက်မဲတာကို ကိုယ်ဘာသာ မသိတဲ့ အပြင် သူတစ်ပါးကို လည်း
အဲဒီ မှောင်မိုက် နက်ရှိုင်းလှတဲ့ အမှားချောက်ကမ်းပါး
ကြီးထဲကို အတင်းအဓမ္မ ဆွဲခေါ်သိမ်းသွင်းတက်တဲ့ လူမျိုးတွေပေါ့
ဒီလိုလူမျိုးကို တက်နိုင်သမျှ ရှောင်ရှားရမှာပဲ