Wednesday, March 14, 2012

ကမောက်ကမ သဘာဝ

I hope for the best
but I am prepare for the worst.
''အကောင်းဆုံးကိုလည်း မျှော်လင့်ထားတယ်
ဒါပေမယ့်လည်း အဆိုးဆုံးအတွက်လည်း ပြင်ဆင်ထားတယ်...''
ဒီစာကြောင့်လေးဟာတကယ်တော့ ရေရာတိကျမှု့မရှိတဲ့ သဘာဝရားကြီးအကြောင်း ဆင်ခြင်တက်ဖို့ ပြောပြနေတယ်လို့ ခံစားမိပါတယ် ....
         ငယ်ငယ်က စာအုပ်တစ်အုပ်ထဲမှာ ဖတ်ဖူးခဲ့စဉ်ကတည်းက 
ခေါင်းထဲမှာ သံမှိုနှက်သလို စွဲနေတဲ့ စာသားလေးပါ .....
အင်္ဂလိပ်စာကျက်ရမှာ တော်တော်လေးကြောက်ရွံ့ခဲ့စဉ်အချိန်ကတည်း
အဲဒီစာကြောင်းလေးကို မြန်မာ အင်္ဂလိပ် နှစ်မျိုးနဲ့ ကျက်ထား ပြီး
နောက်အရွယ်လေး နဲနဲ ရောက်လာတော့မှ သေသေချာချာ သဘောပေါက်တော့လည်း ကြိုက်လွန်းလို့ အဲဒီအတိုင်းပဲ နေရာတော်တော်များများ ကျင့်သုံးခဲ့တာ ခုထက်ထိတိုင်
အောင်ပါပဲ...ဒီစကားလုံးတွေရဲ့ မူရင်းပိုင်ရှင်ကတော့ သိပ်မမှတ်မိတော့
ပါဘူး....သေချာတာတစ်ခုကတော့ ဗိုလ်ချုပ်အောင်ဆန်း နဲ့ပတ်သတ်တဲ့ စာအုပ်တစ်အုပ်ထဲက ဗိုလ်ချုပ်ကိုယ်တိုင် သုံးစွဲခဲ့တာကို
တော့ မှတ်မှတ်ရရ မှတ်ထားမိတယ်......ငယ်ငယ်ကတည်းက ၀ါသနာပါခဲ့ တာ ဇီးထုပ်၊ လျှောက်သီးဆေးပြားတွေမှာ ပါတဲ့ပုံတွေရဲ့နောက်ကျော ကကဗျာတွေမှအစ နောက်ပိုင်းဖတ်မှတ်ခဲ့တဲ့ စာအုပ်တွေမှာပါတဲ့ 
ကိုယ်ကြိုက်နှစ်သက်တဲ့ ဆောင်ပုဒ်တွေ စာပိုဒ်တွေကို ရေးမှတ်ခဲ့တာ
အခုချိန်ထိပါပဲ....ဘ၀မှာ ဒီအချိန်ရောက်တဲ့ အထိ စွဲစွဲမြဲမြဲ လုပ်ခဲ့တာ
ဆိုလို့ စာဖတ်တာရယ် စာအုပ်ဝယ်တာရယ် ဒီနှစ်ခုပဲရှိတယ်ဆိုရလောက်အောင် ပိုင်ဆိုင်တာဆိုလို့ စာအုပ်တွေပဲရှိခဲ့
ပါတယ်....တစ်ချိန်ကြရင် အေးအေးဆေးဆေး စာဖတ်နိုင်တဲ့ နေရာလေးတစ်ခုရယ် စာအုပ်တွေရယ်သာဦးနှောက်ထဲမှာအနာဂါတ် အတွက် ရည်မှန်းချက်
ရှိခဲ့ဖူးတာပါ ...ဒါပေမယ့်လည်း ကံကြမ္မာရဲ့ လှည့်ကွက် ဘ၀ရဲ့ တိုက်တွန်းစေစားချက်တွေကြောင့်  လောကဓံ လှိုင်းအလှုပ်မှာ 
ဘ၀တွေလည်း မြုပ်ချည် ပေါ်ချည် ၊ အဲဒီလို လောကဓံတရားတွေ
ရဲ့  ပီပြင်တဲ့ ကစားကွက်တွေထဲမှာ အကောင်းအဆိုးတရားတွေနဲ့
ယှဉ်လာတိုင်း ကြုံလာတိုင်း ကိုယ့်ကိုတည့်မတ်ထိန်းကျောင်းပေးနိုင်
ခဲ့တာ စာပေရဲ့ ကျေးဇူးက ၉၀ ရာခိုင်နှုန်းပါလို့ ပြောရင် လွန်မယ်မထင်ပါဘူး......အထက်က ဖော်ပြခဲ့တဲ့ စာပိုဒ်လေးကတော့ 
ကိုယ်ကိုယ်တိုင် ခုချိန်ထိ ကျင့်သုံးလိုက်နာ ခဲ့တာဖြစ်တွက်အတွက်ကြောင့် အင်မတန်မှ မှန်ကန်လေးနက်ပြီး
ကိုယ့်အတွက် အားတက်ဖွယ်ရာကို ပေးစွမ်းနိုင်တာတော့ တကယ်ပါပဲ.... လူတွေဟာ ကိုယ်လုပ်တဲ့ အလုပ်တွေမှန်သမျှအကောင်းဆုံးကို မျှော်မျှာ်လင့်ပြီး လုပ်ကြတာပါပဲ...သို့သော်လည်း ကိုယ်အကောင်းဆုံး မျှော်လင့်ထားတဲ့ အရာတွေက တစ်ခါတစ်လေ 
လုံးဝ ဖြစ်မလာတဲ့ အခါ ငါးရံ့ ပြာလူး ဆတ်ဆတ်လူးသည့်နှယ် ခံစားကြေကွဲ
ကြရတက်ပါတယ်...အဲဒါဟာ အကောင်းဆုံးကိုသာ တွေးဆ ထားတက်တာကြောင့် အဆိုးဆုံးကို လုံးဝ ကြိုတွေးမထားခြင်းရဲ့ရလဒ်ပါပဲ.....လောကကြီးမှာ ဘယ်အရာမှ ချောမွေ့ လွယ်ကူနေမှာမဟုတ်တာတော့ သေချာပါတယ်...ဒါကို လူတွေမသိ
မဟုတ် သိပါတယ်....သို့သော်လည်း တိုက်ရိုက် မတွေ့မကြုံသေးလေ
တော့ ပေါ့ပေါ့တန်တန် သဘောထားကြတာပဲ ဖြစ်မယ်ထင်ပါတယ်...
   လောကဖြစ်စဉ်သဘောတရားတွေအရကတော့ အရာအားလုံးဟာပုံမှန်စီးဆင်း သက်ဝင် လှုပ်ရှားနေကြတာပါပဲ....
တားဆီးချုပ်ကိုင် လို့ လည်းမရပါဘူး.....နေထွက်လာတယ် အဲဒါဟာ
နေ၀င်ရာအရပ်ဆီကို သွားနေတာပါ.....ကျွန်ုပ်တို့ လူသားတွေ အားလုံး မွေးဖွားလာတယ် ဒါဟာလည်း သေခြင်းဆီကို ချီတက်နေကြတာပါပဲ......အစကနေဆုံးတဲ့အထိ သဘာဝတရားကြီး
က ပုံမှန်ကပြနေတာပါ....သင့်မှာ ပြဿနာတစ်စုံတရာနဲ့ ကြုံတွေနေပြီဆိုပါတော့ ဒီပြဿနာကို သင်ကိုယ်တိုင် ဖြေရှင်းလိုက်သည်သော်လည်းကောင်း ဒါမှမဟုတ် တစ်ခြားသူရဲ့ ကူညီဖြေရှင်းမှု့ကြောင့်လည်းကောင်း တစ်နည်းမဟုတ်တစ်နည်းနည်းနဲ့တော့ ပြီးဆုံးသွားမှာကတော့ သေချာပါတယ်.....ဒါဟာ ဘယ်တော့မှ ရပ်တန့် နေမှာမဟုတ်တဲ့ သဘာဝ ရေအလျဉ်ကြီးပါပဲ....သို့ပေမယ့်
ကျွန်ုပ်တို့တွေက သဘာဝ တရားကြီးရဲ့ အကြောင်းတွေကို ထိုက်သင့်
သရွေ့တော့ နားလည် သဘောပေါက်ဖို့တော့ လိုတာပေါ့....
ယခုခေတ် တိုးတက်လာတယ်ဆိုတဲ့ ကမ္ဘာကြီးထဲမှာ မယုံကြည်နိုင်လောက်စွာ ဆန့်ကျင်ပြောင်းလဲမှုတွေကို တွေ့မြင်နေကြတာပါပဲ ...သဘာဝတရားကြီးနဲ့ ဆန့်ကျင်စွာပေါ့....ဥပမာ ဖန်ပြွန်သန္ဓေသားလုပ်တာတို့ ယောက်ျားကနေ မိန်းမဖြစ်အောင် ပြောင်းလဲပစ်တာတို့ ယောက်ျားစစ်စစ်ကနေ ကိုယ်ဝန်
ဆောင်ပြီး ကလေးမွေးတာတို့ စသဖြင့် သဘာဝတရားကြီးနဲ့ ဆန့်ကျင်ပြီး လုပ်တာတွေလည်း ပေါမှ ပေါ.......ဘယ်လောက်ပဲ သဘာဝတရားကြီးနဲ့ ဆန့်ကျင်ပြီး လုပ်နိုင်ပါတယ်လို့ သက်သေပြကြပါစေ....သဘာဝတရားကြီးရဲ့ ဒဏ်ခတ်မှုတစ်ခုခုကို တော့ မလွဲမသွေ ကြုံကြရမှာတော့ မလွဲဧကန်ပါပဲ....
  ကျွန်ုပ်တို့လူသားတွေတော်တော်များများက ကောင်းတာတွေကို
ဖြစ်ဖို့ချည်းသာ တွေးတောမျှော်လင့် ကြတာများပါတယ်....ဒီအလုပ်တစ်ခုကို လုပ်ရင် ကောင်းတာတွေ
ဘယ်လောက်ရမှလဲ ဘယ်လောက် အကျိုးတရားတွေဖြစ်ထွန်းမှာလဲ
စသဖြင့် အကောင်းဘက်ကနေပြီးတွေးတက် လုပ်တက်ကြပါတယ်...ကိုယ်လုပ်လိုက်တဲ့ အလုပ်ကဘေးထွက်ဆိုးကျိုးတွေ ဘယ်လောက်ဖြစ်နိုင်သလဲ ဆိုတာတွေ  ဘယ်လောက် သက်ရောက်မှု ပြင်းထန်နိုင်သလဲဆိုတာတွေက ဂရုမမူတက်ကြပါဘူး......တလောက
 facebook စာမျက်နှာတွေပေါ်မှာ အတော်လှတဲ့ ကောင်မလေးပုံနှစ်ပုံ
တင်ထားတာတွေ့လိုက်ရတယ်.....သို့သော်လည်း အောက်မှာရေးထား
တဲ့ စာကြောင်းလေးကို ဖတ်လိုက်ရတော့မှ တော်တော်အံ့သြမိသွားတယ်...ရေးထားတာက 
lady boy တဲ့ တကယ်မထင်နိုင်လောက်အောင်ပါပဲ....နောက်တစ်ခါ
ဖတ်လိုက်မိတာတစ်ခုက လှပတဲ့ မိန်းခလေးပုံတွေ အများကြီးထဲမှာ
ယောက်ျားကနေ မိန်းမပြောင်းထားတဲ့ ပုံတွေကို ရွေးခိုင်းတာ
ကိုယ်ကလည်း ဒါလေးလောက်တော့ ရွေးတက်တယ်ဆိုပြီး ရွေးကြည့်
လိုက်ပါတယ် ...ဟဲဟဲ နောက်ဆုံးတော့ ရွေးခိုင်းတဲ့ ပုံတွေ အားလုံးက lady boyတွေ အားလုံးဖြစ်နေတာသိရတယ်....အဲဒီ ဖြစ်ရပ်နှစ်ခုလုံးထိုင်းနိုင်ငံမှာ ဖြစ်တာတွေချည်းပါပဲ....သဘာဝကို ဆန့်ကျင့်တဲ့ အရာတွေတိုင်းကတော့ အံ့သြ မှင်သက်ဖြစ်ရင်ဖြစ်မယ်
ဒါပေမယ့် ရေရှည်မှာ ကောင်းကျိုးတွေ ဖြစ်လာနိုင် မဖြစ်လာနိုင်ဆိုတာကတော့ တွေးဆကြည့်ရင်သိနိုင်ပါတယ်.....ဖြစ်ချင်တဲ့
သသူတွေက လုပ်ကြ အားပေးတဲ့ သူတွေက လည်း အားပေးကျ လတ်တလော ထင်ပေါ်မှုလေးတစ်ခုနဲ့ သာကျေနပ်ပျော်ရွင်နေကြတာ
နောင်တစ်ချိန်ဘာဖြစ်လာနိုင်တယ်ဆိုတဲ့ အဆိုးဘက်ကို ထည့်မတွေး
 ထားကြတဲ့ အတွက် နောင်တစ်ချိန် မှာ သဘာဝတရားကြီးရဲ့ ဘယ်လိုဘယ်ပုံ ဒဏ်ခတ်မှုတွေ ကြုံလာမယ်ဆိုတာကတော့ သဘာဝ
တရားကြီးက လွဲရင် ဘယ်သူမှ သိနိုင်မည် မဟုတ်ပါချေ.....ဒါကြောင့်ကျွန်ုပ်တို့ လူသားတွေ အားလုံး လုပ်ကိုင်
နေသမျှသော အလုပ်တွေမှာ အကောင်းဆုံးကို မျှော်လင့်ပြီးလုပ်ဖို့ လိုသလို အဆိုးဆုံးအတွက်လည်း ကြိုတင် ပြင်ဆင်ထားနိုင်ကြပါစေ....ဒါမှသာလျှင် ကြုံတွေ့လာမယ့် အခက်အခဲ အတားအဆီးတွေကို ကာကွယ်တားဆီးနိုင်မှာ ဖြစ်ပါတယ်ဆိုတာ တွေးမိသမျှ ရေးမိလိုက်ပါတယ်......

Saturday, March 10, 2012

အေးချမ်းတိတ်ဆိတ်တဲ့ နေရာလေး

အေးချမ်းတိတ်ဆိတ်တဲ့

နေရာလေးမှာနေချင်တယ်

 



သူများတွေက တန်ဖိုးရှိတဲ့ အရာလေးတစ်ခု 

ကိုယ့်ကိုပေးလိုက်တဲ့အခါ 
ကိုယ်က ပျော်ရတယ်လေ 
ကိုယ်ကရော သူတစ်ပါးတွေကို 
ဘယ် နှစ်ကြိမ်လောက်
ပျော်ရွှင်စေခဲ့ဖူးပါသလဲ?

ရင်ဖွင့် ခွင့်

ကိုယ်နေချင်တဲ့ နေရာလေးမှာနေပြီး 
ရင်ထဲမှာ ခံစားမိတာလေးတွေကို 
ရင်ဖွင့် ခွင့် 
ရရုံလေးသက်သက်ရယ်ပါ...


 

 












ဘ၀ဆိုတာ ကံကြမ္မာ 
တိုက်စစ်မှုးက စိတ်တိုင်းကျ ကန်နေတာကို
ခံနေရတဲ့ ဘောလုံးတစ်လုံးလိုပါပဲ...
ပြီးတော့ သံသရာ ခရီးသည်တွေဖြစ်တဲ့ 
ကစားဖော်ကစားဘက်လူတွေနဲ့ ဆက်ဆံရတာက 
ပင်နယ်တီကန်ပြီး အနိုင်အရှုံးခွဲ ရသလိုပဲ 
ရင်ခုန်ဖို့လည်းကောင်းတယ်

တန်ခိုးကြီး ဘုရားများ




နောက်ဆုံးမဟုတ်တဲ့ နောက်ဆုံး

  လူတစ်ယောက်အတွက် သူ့ဘ၀ တစ်လျှောက်မှာရှင်သန်နေထိုင်နေစဉ်အတွင်း ဘာတွေလိုအပ်သလဲ
ဘာတွေလုပ်သင့်သလဲ.. ဘယ်လိုရည်ရွယ်ချက်တွေထားပြီး
ဘာလုပ်ရမှာလဲဆိုတာ ကံကြမ္မာက တစ်ချို့ တစ်ဝက်တော့ စီမံပြီးသား
ဖြစ်ပါတယ်....
   ဟုတ်ပါတယ် ...တစ်ခါတစ်လေကြတော့လည်း ကိုယ်ဖြစ်ချင်တဲ့ အရာတွေ ကိုယ်လုပ်မယ်လို့တွေးထားတဲ့ အရာတွေက ဖြစ်ချင်မှလည်း
ဖြစ်တက်ကြတာဆိုတော့ ကိုယ့်က စီမံရုံသာစီမံနိုင်ပြီး ကံကြမ္မာက တရား
သူကြီးတစ်ယောက်လို စီမံဆုံးဖြတ်တာကို ပဲရှောင်လွှဲမရခံနေရတယ်ဆိုတာ မငြင်းသာဘူးလေ.....တစ်ခါတစ်လေ
မမျှော်လင့်ထားတာတွေက  ၀ုန်းဒိုင်းကြဲ ရောက်လာတက်ပြီး
မျှော်လင့်ထားတာတွေက အငွေ့ပျံသလို အသာအယာလေး လွင့်ပါးပျောက်ကွယ်သွားတက်ပြန်ပါတယ်....ကံတရားရဲ့ ဆန်းကြယ်တဲ့ ပြောင်းလဲမှု့တွေကို နားလည်နိုင်စွမ်း ရှိဖို့ကတော့မလွယ်
ကူတဲ့ ဖြစ်စဉ်ပါပဲ....ဒါကြောင့် ကံတရားဆိုတာ အကျွမ်းကျင်ဆုံး မျက်
လှည့်ဆရာတစ်ယောက် ပြနေတဲ့ ပြကွက်ကိုငေးမောကြည့်နေတဲ့
လူမမယ် ကလေးလေးတစ်ယောက်လိုပါပဲ....သူ့အတွက်တော့ အရာ
အားလုံးဟာ အထူးဆန်းဆုံးချည်းတွေပဲ ထင်နေသလိုပါပဲ....တကယ်
တော့ ကံကြမ္မာရဲ့ အထူးဆန်းဆုံး ပြကွက်တွေကို ရှင်းရှင်းလင်းလင်း
သဘောပေါက်နားလည် နိုင်ဆုံး ပုဂ္ဂိုလ်ဆိုလို့ ဘုရားရှင် ကိုယ်တော်မြတ်ကြီးသာ လျှင် ဒီလောကမှာ ရှိပါတယ်...ကံတရားရဲ့ 
ပို့ဆောင်ပေးမှု့ကြောင့် ကျွန်ုပ်တို့တွေ ဒီလောကကြီးထဲကို ရောက်လာကြတယ်...ပြီးတော့ ကံတရားရဲ့ ပို့ဆောင်တဲ့နေရာမှာနေရတယ် ...ရှင်သန်ကြရတယ်...ကျွန်ုပ်တို့ 
ဘာတက်နိုင်မှာလဲ.....နောက်ပြီးတော့ ရှင်သန်နေထိုင်နေစဉ်အတွင်း
မှာ ကိုယ်က ဘာတွေလုပ်မယ် ..ဘယ်လိုရည်ရွယ်ချက်တွေထားမယ်
ကို ဆုံးဖြတ်ချက်တွေချ ပြီး နေထိုင်ကြပေမယ့် နောက်ဆုံးတော့ မလွန်ဆန်နိုင်တဲ့ ကံကြမ္မာတရားရဲ့ ဖန်တီးမှု့ကိုပဲ လက်ခံကြရတာပါပဲဆိုတာ ငြင်းပယ်မရတာအမှန်ပဲဖြစ်ပါတယ်....
ကံကိုယုံပြီး ဆူးပုံနင်းကြဖို့ ပြောဆိုခြင်းတော့မဟုတ်ပါဘူး.....လောကကြီးထဲမှာနေ
ထိုင်နေထိုင်နေစဉ်တော့ ကံကိုကြီးပဲ ပုံပြီး ယုံလို့တော့မရဘူးပေါ့...ကံ 
ညာဏ် ၀ီရိယ သုံးပါစလုံး ပြည့်စုံအောင် ကြိုးစားအားထုတ်ဖို့တော့ 
လိုတာပေါ့...ဒီနေရာမှာဆိုလိုချင်တာက ကိုယ်က တကယ်လည်းကြိုးစားအားထုတ်တယ် ညာဏ်နဲ့ လည်းချင့်ချိန်လုပ်ပါရက်ကယ်နဲ့ ပျက်ဆီးသွားရတဲ့ အခါကြတော့
ဒါဟာကံကြမ္မာရဲ့ ချယ်လှယ်မှုလို့ မပြောလို့ ဘယ်ရတော့မလဲလေ...
အထက်က ပြောခဲ့သလို ကျွန်ုပ်တို့လူသားတွေ ကံပစ်ချတဲ့ အတိုင်း
လူ့အဖြစ်နဲ့ လူလောကကြီးထဲကို ရောက်လာတယ် ...အဲ ဘ၀ရဲ့အစကနေအဆုံးအထိက အားလုံးသတ်မှတ် နေရာချထားပေး
လိုက်တာ ငြင်းလို့မရပါဘူး.....ကျွန်ုပ်တို့  မွေးဖွားလာကြတယ် ပြီးတော့ သေရမယ့်အချိန်ကို လည်း တစ်ခါတည်း သတ်မှတ်ပေးလိုက်
ကြတယ်....ကဲ ကျွန်ုပ်တို့ ဘယ်လိုငြင်းဆန် နိုင်ကြသလဲ....ဘယ်လို
တားဆီး နိုင်ကြသလဲ....နောက်ဆုံးတော့ ဒီလောက ဇာတ်ခုံပေါ်ကနေ
ပျောက်ဆုံးသွားတဲ့ အချိန်အထိ အားလုံးဟာ  ကံတရားရဲ့ ဇာတ်ညွန်း
အတိုင်း ကပြသွားရတာပါပဲ...ဒီဘ၀အတွက်တော့ အားလုံးဟာ
မွေးဖွားခဲ့ကြတယ် နောက်ဆုံးတော့ ကျွန်တော်တို့ အားလုံး သေကြရမယ်...ဒါဟာ ကံကြမ္မာက လူသားတွေအပေါ် ပေးအပ်ခဲ့တဲ့ ဆုလာဘ်လို့ပြောရမယ်...ဒါပေမယ့် ဒါဟာ ဒီဘ၀အတွက်တော့ အဆုံးသတ်ဖြစ်ချင်ဖြစ်မယ် ...ဒါပေမယ့်လည်း ဒီကံကြမ္မာက ပဲဘယ်ထိဆက်ပြီး ချယ်လှယ်နေဦးမယ်ဆိုတာကတော့ .......................

Friday, March 9, 2012

delete လုပ်ဖို့မမေ့နဲ့

မိမိရဲ့ ဦးနှောက်ကို အဓိပ္ပါယ်မရှိတဲ့
မှတ်သားမှု့တွေကြောင့် မရှုပ်ထွေးပါစေနဲ့
ဖြစ်နိုင်ရင် နေ့တိုင်း *(delete)လုပ်ပစ်၊
*(cancel)လုပ်ပစ်...ကောင်းတဲ့ အရာတွေကို 
သိမ်းဆည်းထားဖို့အတွက်တော့ အပို ဟက်ဒစ် တွေတောင်
ဆောင်ထားသင့်ပါတယ်........
 ဟုတ်တယ်ဗျာ ...ခင်ဗျားတို့ပဲစဉ်းစားကြည့်လေ...တစ်နေ့တစ်နေ့ 
လူတွေနဲ့ ဆက်ဆံရတဲ့အခါ ကောင်းတာတွေရော မကောင်းတဲ့အရာ
တွေရောရှုပ်ထွေးပွေလီ နေတာပဲ....လူဆိုတာ ထင်မြင်ချက် အမျိုးမျိုး
အယူအဆ အမျိုးမျိုး အတွေးအမျိုးမျိုး စုံလိုက်သမ အောချလောက်ပါ
ရဲ့...တစ်ချို့ အရာတွေက ကိုယ့်ဦးနှောက်အတွက် အဟာရ ပေးစွမ်း
နိုင်ပေမယ့် တစ်ချို့အရာတွေက အဆိပ်သင့်လောက်တဲ့ အထိ ဒုက္ခ
ပေးနိုင်စွမ်းရှိတယ်ဆိုတာ မယုံမရှိနဲ့.....တစ်ချို့ဆိုရင် အဲဒီလို အကျိုးမရှိတဲ့( data)တွေက ဦးနှောက်ထဲမှာ ဖရိုဖရဲ ကြဲပြန့် နေတဲ့ 
အတွက်ကြောင့် ပျော်ရွှင်မှု့နဲ့ဝေးပြီး အမြဲလိုလို စိတ်ညစ်နေကြရတာ
တော်တော်လေး တွေ့ခဲ့ရဘူးတယ်.....တစ်ချို့ကိစ္စတွေမှာဆို ကိုယ်
မြင်နေရတာက ဘာမှ မဟုတ်လောက်တဲ့ အရာလေးပဲ ဒါပေမယ့် 
သူတို့အမြင်မှာတော့ ဧရာမ အရေးကြီးတဲ့ ကိစ္စကြီးဖြစ်နေတက်တာ
တွေ့တွေ့နေရတယ်....အဲဒီလို အသေးအဖွဲလေးတွေက အစ ပူပန်
လောင်မြိုက်မှုတွေကို ခံစားနေရတော့ ကြီးမားတဲ့ ပြဿနာတွေနဲ့
များကြုံလိုက်ပြီဆိုရင်တော့လား အလူးအလဲ ခံစားကြရတာ မြင်ရသူအဖို့ မဆန်းတော့လောက်အောင်ပါပဲ....ဖြစ်ပေါ်လာတဲ့ အခြေအနေတစ်ရပ်ပေါ်မှာ လက်လွတ်စပယ် ပူပန်သောက ရောက်တက်လွန်းတော့လည်း ကိုယ့်ကိုယ်ကို ညှင်းပန်း
နှိပ်စက်ရာရောက်သွားရောပေါ့ဗျာ....အဲဒီလိုသောကတွေ မနိုင်မနင်း
နဲ့ လောကကြီးထဲ လျှောက်လှမ်းနေကြသူတွေက တော်တော်များပါတယ်
ပူပန်စရာကိစ္စတစ်ခုကို ပက်ပင်းကြုံတွေ့လိုက်တာနဲ့  ဒီအရာကို ဘယ်
လိုဖြေရှင်းမလဲဆိုတာကို ခေါင်းအေးအေးနဲ့ မစဉ်းစားပဲ ထစ်ခနဲ့ဆို
ပူပန်သောကရောက်နေကြရလို့လဲ အဲဒီလိုလူတွေရဲ့မျက်နှာဟာ
ပျော်ရွှင်မှု့ အရိပ်ရောင်လေးတောင် မမြင်တော့လောက်အောင် ကွယ်
ပျောက်နေတက်တာကိုတွေ့ရပါတယ်......မကြာခဏမြင်နေရတာက 
သူတို့တွေဟာ ယခုပဲဒီကမ္ဘာလောကကြီးထဲ မှာ အောက်ဆီဂျင်တွေ ပြတ်တောက် သွားပြီး တစ်ယောက်နဲ့တစ်ယောက် အသက်ကို လုရှု
ရမယ့်အချိန်ကိုရောက်နေပြီလို့များ ထင်နေကြသလားတော့မသိပါဘူး.....ဖြစ်ပေါ်လာသမျှ အာရုံတွေအားလုံးဟာ အရေးတကြီးပူပန်စရာတွေလို့ ထင်ပြီး သောကတွေကို  မိမိဦးနှောက်ထဲမှာ ထည့်ထားလို့ကတော့ 
ဘယ်တော့မှ ပေါ့ပါးသွက်လက်နေမှာ မဟုတ်ပါဘူး.....စိတ်ရောကိုယ်ပါ လန်းဆန်းတက်ကြွနေဖို့ဆိုတာ
ပူပန်စရာတွေကို အတက်နိုင်ဆုံး နည်းပါးလျော့ကျ သွားအောင်ရှင်းလင်းနိုင်ကာမှ တော်ကာကျမှာပါ....ဥပမာအနေနဲ့ 
ပြောရရင် ကွန်ပျူတာတစ်လုံးထဲမှာ တွေ့ကရာ မြင်ကရာ တွေ
အားလုံးကို သိမ်းကြုံးပြီး သိမ်းဆည်းထားသလိုပါပဲ...ကောင်းမွန်အသုံးဝင်တဲ့ အချက်အလက်တွေဆိုရင်တော့ မဆိုသာပေမယ့် အကျိုးမဖြစ်လောက်
တဲ့အရာတွေ ကြီးပဲဖြစ်နေတယ်ဆိုရင် တော့ အဲဒီကွန်ပျူတာကလည်း စက်တွေလေးပြီး သုံးရတာ မသွက်တော့
သလို အလုပ်ကိုလည်း ပေါ့ပေါ့ပါးပါးဖြစ်အောင် စွမ်းဆောင်နိုင်တော့
မှာမဟုတ်ပါပဘူး....မိမိရဲ့စက်ကို ပေါ့ပါးသွက်လက်နေစေချင်ရင်
တော့ မလိုအပ်တာတွေကို delete လုပ်ပစ်လိုက်မှသာလျှင် သုံးရတာအဆင်ပြေ ချောမွေ့မှုရှိမှာဖြစ်ပါတယ်....အဲဒီလိုပါပဲ...တစ်
ယောက်စာလေးဖြစ်တဲ့ ကိုယ့်အကြောင်းလေးကိုတောင်မှ တွေးကြည့်ရင် မဆုံးနိုင်လောက်တဲ့သောကတွေနဲ့ ပြည့်နေတာကို အခြား အခြား
သော အရေးမကြီးသင့်တဲ့အရာတွေ အကြောင်းလက်ခံ စဉ်းစား 
ပူပန်နေမယ်ဆိုရင်တော့ ဘယ်တော့မှ ပျော်ရွှင်မှု့ကို ၀၀လင်လင် 
ခံစားရမှာမဟုတ်တာသေချာတယ်....လူ့ဘ၀ကြီးက တိုတောင်းလွန်း
လှပါတယ်....ကိုယ့်အတွက် တိုက်ရိုက် ပတ်သတ်ဆက်နွယ်နေတဲ့
အရာပေါင်းများစွာသောအရေးတွေတောင် မနည်းရှင်းနေရတာ
ဒါကြောင့် မလိုအပ်တာတွေကို မလိုအပ်ကြောင်းသိထားဖို့တော့
လိုပါတယ်....သို့ဂလိုမဟုတ်ရင် သင်ရော ကျွန်ုပ်ပါ အမြဲလိုလို ထိုင်းမှိုင်းလေးလံနေတဲ့ ဦးနှောက်ကြီးနဲ့ လူတွေနဲ့ဆက်ဆံနေရလိမ့်
မယ့် ....ကြည်လင်လန်းဆန်းတက်ကြွနေတဲ့ ဦးနှောက်နဲ့ ဆက်ဆံ
ပြောဆိုနေတဲ့ အခိုက်တောင်မှ လူတွေနဲ့ဆက်ဆံရတာ အဆင်မပြေ
ပါဘူးဆိုနေကာမှ အိုမင်းရွတ်တွနေတဲ့ ဂိလာန ဦးနှောက်ကြီးနဲ့ များ
ဆက်ဆံလိုက်မယ်ဆိုရင် လူ့ပတ်ဝန်းကျင်နဲ့ သဟဇာတ ဖြစ်မှာမဟုတ်
တာတော့ လုံးဝသေချာသလောက်နီးပါးပါပဲ.....ဒါကြောင့် မလိုအပ်တာတွေကို ကိုယ့်ဦးနှောက်ထဲက ထုတ်ပစ်ပါ....သိပ်များများ
မတွေးပါနဲ့....မလိုတာတွေကို မလိုအပ်ကြောင်းသိပါ.....လူ့ဘ၀ကြီး
ကတိုတောင်းလွန်းပါတယ်....နေရတဲ့အခိုက် ပေါ့ပေါ့ပါးပါးနေပါ....လန်း
လန်းဆန်းဆန်း နေပါ......ဘယ်အရာမှ အရေးမကြီးပါဘူး....အားလုံးဟာ တစ်နေ့မှာ ပြီးဆုံးသွားမှာပါ.....
သဘာဝကြီးက သူ့အလုပ်သူလုပ်နေသလို ကိုယ်ကလည်း ကိုယ့်အလုပ်ကို အကောင်းဆုံးဖြစ်အောင်လုပ်ပါ.....အကောင်းဆုံးတွေကို လုပ်နေရင်း
ကြုံတွေ့လာမယ့်အရာတွေကို တည်ငြိမ်စွာ ရင်ဆိုင်ပါ......တည်ငြိမ်
စွာကျော်ဖြတ်ပါ....နောက်ဆုံးအနေနဲ့ပြောရရင် ဗုဒ္ဓရဲ့အဆုံးအမ အတိုင်းဆိုရင် ပစ္စုပ္ပန်တိုင်းမှာနေပြီး ပေါ်လာတဲ့ အာရုံတွေကို မြင်ရင်
မြင်တဲ့အတိုင်း ကြားရင်ကြားတဲ့အတိုင်း နံရင်နံတဲ့အတိုင်း စသဖြင့် 
ကြုံတွေ့လာသမျှတွေအပေါ် သတိလေးကပ်ဆင်ခြင် နေထိုင်သွားမယ်ဆိုရင်တော့ အရာအားလုံးဟာ အဆင်ပြေ အေးချမ်းသွားမှာပါ......
  ဒါကြောင့်ယနေ့ကနေစပြီးတော့ မလိုအပ်တာတွေ ဖျက်သိမ်းဖျောက်ဖျက်ပစ်လိုက်ပါ ....ခဏတိုင်းမှာနေပါ....ပေါ့ပါးလန်းဆန်းတဲ့ စိတ်ကိုပိုင်ဆိုင်ထားတဲ့သူ

ဟာ အရာအားလုံးကို ဖန်ဆင်းနိုင်စွမ်းသော နတ်သားတစ်ပါးပဲဖြစ်ပါတယ်...ဒါကြောင့် ရွှင်လန်းတဲ့ စိတ်အစဉ်နဲ့
မိမိနဲ့ လောကကြီးအတွက် လိုအပ်တာတွေကို ဖန်ဆင်းပေးနိုင်စွမ်းသော အကျိုးပြုလူသားများဖြစ်နိုင်ပါစေလို့
ဆန္ဒပြုလျက် မေတ္တာများစွာဖြင့်........ အနော်မာ

Thursday, March 8, 2012

ကျောင်းသား

  လောကမှာရှိတဲ့ လူသားတွေအားလုံးဟာ
  ကျောင်းသားတွေချည်းပါပဲ.....ဘယ်လိုဘွဲ့ဒီဂရီ
 ဘယ်လိုဂုဏ်ဒြပ်တွေနဲ့ မွမ်းမံ ခြယ်သထားပါစေ
သူဟာ သဘာဝတက္ကသိုလ်ကြီးဆီကနေ နေ့ညမပြတ်
သင်ယူနေကြရတဲ့ အတွက်ကြောင့် ကျောင်းသားပဲဖြစ်ပါတယ်....
     မွေးမေမေ ရဲ့ ၀မ်းတွင်းကနေ စတင်ထွက်ခဲ့တဲ့နေ့ကတည်းက သဘာဝ တရားတွေရဲ့ တောင်းဆိုမှု့ကြောင့် ဆာလောင်ခြင်းဆိုတာ
သိလာတယ်...သိလာတော့ ဆာလောင်မှု့ကို ပြေပျောက်စေဖို့  တောင်းဆိုမှု့နည်းလမ်းတွေကို
သဘာဝတရားကြီးက သင်ပေးတယ်...အဲဒါက ငိုပြီးတောင်းရင်ရတယ်
ဆိုတဲ့ ပညာပဲပေါ့...အဲဒီလိုနဲ့ သဘာဝတရားကြီးက အမျိုးမျိုးသော
လက်ချာ (lecture) တွေနဲ့ လူသားဆရာတွေ ဆီမှလည်းပညာတွေအမျိုးမျိုးကို သင်ယူရင်း အသက်ရှင် နေထိုင်နေခဲ့ကြပါတယ်.....သင်ယူဖွယ် အတက်ပညာအမျိုးကို ကျွမ်းကျင်ပိုင်နိုင်အောင် သင်ယူရင်းနဲ့ပဲ စား ၀တ်နေရေးဆိုတဲ့ အရေးကြီးသုံးမျိုးကို ဖြေရှင်းကြရပါတယ်...သင်ယူစရာပေါတဲ့ လောက
ကြီးထဲမှာ လူတိုင်းကတော့ အားလုံးကို တက်မြောက်နိုင်ဖို့ဆိုတာတော့
မဖြစ်နိုင်ဘူးပေါ့...သင်ယူစရာတိုင်းကို သင်ယူတက်မြောက်ဖို့ လည်းမလိုအပ်ဖူးလေ....ကိုယ့်အတွက်အသုံးဝင်တဲ့ ပညာရပ်တွေ ကိုသာ စူးစူးစိုက်စိုက် လေ့လာတက်မြောက်ဖို့ သာအရေးကြီးတာလည်း
တစ်ကြောင်းပေါ့.....လူတိုင်း လူတိုင်းကတော့ အတက်ပညာအားလုံးကို  အလိုလို တက်မြောက်လာတာတော့လည်း
မဟုတ်ပါဘူး....တစ တစ နဲ့ လောကနဲ့ လူသားတွေဆီကနေ မြင်တာ ကြားတာ တိုက်ရိုက်သင်ယူ တာတွေမှတဆင့် တက်မြောက်လာကြတာပါပဲ.......ငါသိထားတဲ့ ပညာတွေက ငါရထားတဲ့ ဘွဲ့တွေက ဘယ်လောက်များတာ ငါက သူများတွေထက်
ဘယ်လောက်ပိုတက်တာ စသဖြင့် မိမိကိုယ်ကိုယ် အထင်မြင်ကြီးပြီး
မာန်မာနတွေ ဘယ်လောက်ပင်ကြီးနေပါစေ....တကယ်တော့ ထိုလူဟာလည်း သင်ယူနေဆဲ ကျောင်းသားတစ်ယောက်ပါပဲ....
လူလောကကြီးထဲ အသက်ရှင်နေထိုင်နေသမျှ ကာလပတ်လုံး ကျောင်းသားတစ်ယောက်သာ ဖြစ်တဲ့အတွက်ကြောင့် ငါလိုလူဇမ္ဗူမှာရှိသေးလားဆိုတဲ့ အတွေးအမြင်မျိုးမထားသင့်ပါဘူး.....အဲကွန်းအခန်းထဲမှာအမြဲတမ်းကျက်စားနေတဲ့ကွန်ပျူတာ ပညာရှင်တစ်ယောက်ကို လယ်ထွန်ခိုင်းလို့ ဖြောင့်ဖြောင့်ထွန်တက်မှာ
မဟုတ်သလို့ပါပဲ......ခယောင်းမြေကို ဘယ်လိုညက်အောင်ထွန်ရမယ်
ဆိုတာ ကျွမ်းကျွမ်းကျင်ကျင် သိထားတဲ့ လယ်သမားတစ်ယောက်ကို 
ကွန်ပျူတာလေး သူ့ရှေ့မှာချပေးထားရင် မြင်သာမြင်နိုင်ပေမယ့် 
ဘာလုပ်ရမယ်မှန်း သူနားလည်မှာမဟုတ်ပါဘူး......ဒီလိုပါပဲ ကျွမ်းကျင်ရာလိမ္မာရာဆိုသလိုပေါ့....သူလည်း သူ့နယ်ပယ်မှာ သူတက်သင့်တာတွေကို သင်ယူထားလို့သာ သူကျွမ်းကျင်ပိုင်နိုင်နေတာပေါ့.....ဒီလိုပါပဲ လောကကြီးထဲမှာ လူသားတိုင်းဟာ ကိုယ်စီ ကိုယ်စီ အသက အသက အသီးသီး သင်ယူနေကြရတဲ့လူတွေချည်းပါပဲ....ဆရာဖြစ်တဲ့သူလည်း တပည့်ဖြစ်တာပဲ တပည့်ဆိုတာကလည်း ဆရာဖြစ်နေတာပဲ....ဒါဟာ
မဆုံးနိုင်တဲ့ လောကဓါတ် ကျောင်းကြီးပေါ်မှာ သင်ယူနေကြရတဲ့ လူသားတွေပါပဲ....ကမ္ဘာလောကကြီးထဲ ထပ်မံသင်ယူစရာတွေ မရှိ
လောက်အောင် ပြည့်ဝ ကုံလုံနေတာဆိုလို့ လောကသုံးပါးတို့ရဲ့ ကိုယ်းကွယ်ရာအစစ်ဖြစ်တော်မူသော သဗ္ဗညုညာဏ်တော်ပိုင် ရှင် 
ဘုရားရှင် ကိုယ်တော်မြတ်ကြီးသာလျှင်ရှိပါတယ်.......
ဒါကြောင့် ကျွန်ုပ်တို့လူသားအားလုံးဟာ မပြည့်ဝသေးတဲ့အတွက်သင်ယူစရာ ပညာရပ်တွေကိုသင်ကြားနေကြရတဲ့ ကျောင်းသားတွေဖြစ်တာကြောင့်
ဘယ်လိုအကြောင်းကြောင့်မှ မာန်မာနဆိုတဲ့ မကောင်းတဲ့ စေတသိတ်တွေ နှလုံးသားထဲမှာ မကိန်းစေဘဲ နှိမ်နှိမ်ချချ ရိုရိုကျိုးကျိုး နဲ့ နေထိုင်သွားကြရင်ဖြင့်
လောကကြီးထဲမှာ အားလုံးသာယာချမ့်မြေ့သွားနိုင်ပါတယ်ဆိုတာ 
တွေးဆရင်းဖြင့်...........