Sunday, July 24, 2011

ကမ္ဘာ့ပြတင်းပေါက်

စာဖတ်တဲ့လူက မဖတ်တဲ့သူထက် ခေါင်းတစ်လုံးပိုသာတယ်လို့ပြောကြ
ပါတယ်..တကယ်မှန်တယ်ဆိုတာကြာလေလေပိုယုံလာမိပါတယ်..၁၂နှစ်သား
လောက်ကတည်းက စာပေနဲ့ရင်းနှီးကျွမ်းဝင်အောင်မိတ်ဆက်ပေးခဲ့တဲ့ အဘိုးကို မကြာခဏသတိတရလည်းဖြစ်မိပါတယ်...ဘွဲ့တွေဒီဂရီတွေမရပေမယ့်လည်း
စာပေရဲ့ကျေးဇူးကြောင့် ပဲ ကိုယ့်ကိုယ်ကို ထိန်းမတ်နေနိုင်ခဲ့တာ စာပေရဲ့ကျေးဇူးလို့ပဲပြောရမှာပါ...ဒီနေရာမှာ မျှဝေချင်တာက စာအုပ်ပေါင်း
၉၀၀၀ကျော် ပိုင်ဆိုင်ထားတဲ့ စာရေးဆရာကြီး လူဝီအယ်အာမိုးပြောတဲ့စကားလေးကိုပါ
"  စာဖတ်ရတာ ပျော်စရာကောင်းလှတယ်ဆိုတာကို ခင်ဗျားသိသွားတာနဲ့
တစ်ပြိုင်နက် ဘ၀မှာ ငြီးငွေ့စရာကင်းသွားရော...စာတစ်အုပ်ဖတ်တိုင်း
စိတ်ဝင်စားမှုဟာတိုးလို့သာလာတယ်ဗျ...ကျုပ်ရဲ့စာကြည့်တိုက်ဟာ
လိုတရမီးခွက်လိုပဲဗျ...သမိုင်းကြောင်းမှာ ဘယ်ခေတ်မဆို လိုရာရောက်အောင်သွားနိုင်တယ်...အတိတ်ကာလက မဟာပညာကျော်
တွေနဲ့လည်း ဆွေးနွေးနိုင်တယ်...ဒဿနပညာရှင်တွေ ဥပဒေချိုးဖောက်သူ
တွေ  နွားကျောင်းသားတွေ  စွန့်စားသူတွေနဲ့လည်း   ဆွေးနွေးနိုင်တယ်...
ဘုရင်တွေ မိဖုရားတွေ သာမန်သင်္ဘောသားတွေနဲ့လည်း ဆွေးနွေးနိုင်တယ်..  
ဟုတ်ပါတယ်....စာအုပ်တစ်အုပ်ဖတ်ရတဲ့အရသာကတော့ ပြောမပြတက်
လောက်အောင်ပါပဲ....ငယ်ငယ်တုန်းက မိုးတွေသည်းကြီးမည်းကြီးရွာတဲ့
ညတွေမှာ စောင်ကိုခေါင်းမြီးခြုံပြီး ရေနံဆီမီးခွက်နဲ့ စားခိုးဖတ်တာ
အမေဆူခံထိခဲ့တာကိုပြန်သတိရမိတယ်....စာအုပ်စာပေရှားပါးတဲ့ ရွာမှာ
စာတစ်အုပ်ကို အခေါက်ခေါက်အခါခါပြန်ဖတ်နေရတဲ့အရသာ...
ခုတော့ရွာကိုပြန်မရောက်တာတောင်ကြာပြီ။  အဲဒီရွာလေးကနေ
မျိုးစေ့ချပေးလိုက်တဲ့ဝါသနာ က ခုထိ စာအုပ်တစ်အုပ်ကို အိပ်ရာဘေးမှာချပြီး ဖတ်ပြီးမှအိပ်ပျော်တက်တဲ့ အထိပါပဲ.....
အားလုံးစာဖတ်ကြစေချင်တယ်ဗျာ...အထူးသဖြင့် ညီ၊ ညီမအ၇ွယ်အားလုံးကို တကယ်တော်စေချင်တယ်..
ကျွန်တော်တို့က မော့ကြည့်နေရတဲ့ ညီ၊ညီမတွေဖြစ်စေချင်တယ်...။။။။။။

အိပ်မက်ထဲကကြွက်

တစ်ခါတစ်လေ စိတ်လိုလက်ရ နေပစ်လိုက်ချင်တယ်...အားကိုယ်းအထားရာတစ်ခုအနေနဲ့ ဘာမှမရှိတော့ဘူးလို့တွေးလိုက်မိတဲ့အခါ  စိုးရိမ်မိပြန်တယ်...အားလုံးဟာ
အဆုံးသတ်တော့မယ့် ပစ္စုပ္ပန်မှန်း တွေးလိုက်တော့လည်းအနာဂါတ်ကို
မျှော်မကြည့််ချင်တော့ပြန်ဘူး...အတွေးတွေနဲ့ပူလောင်နေတဲ့အဖြစ်ကို
ဘယ်သူ့ကိုမှ မကြုံစေချင်ဘူး...အေးငြိမ်းခြင်းဆိုတာက ကိုယ့်ဆီကို တစ်ခါ
တစ်လေမှလာလည်တက်တဲ့ ဧည့်သည်တစ်ယောက်ဆိုတာ သိလာတယ်
တစ်ခါတစ်ရံ အသံကြားတိုင်း  ထကြည့် တက်တဲ့ ညာဉ်တွေနဲ့ အိပ်မက်
ကိုခါးချိုးခံလိုက်ရတဲ့ ဖျက်ခနဲ လွင့်လာတက်တဲ့ မညင်သာမှု့ တွေ
အားလုံးဟာ ဘ၀တစ်ခုပဲလေ
ပြန်လာခွင့်မရတော့တဲ့ ညနက်ထဲက ခြေသံ
ပြီးတော့ သဲလူးထားတဲ့လောကဓံသကြားခဲ
အဲဒါကို လာလာချောင်းနေတဲ့ ကြွက်တစ်ကောင်
အားလုံးဟာ ငါ့ကိုတိုက်ခိုက်နေတဲ့ 
အလွမ်းတပ်မကြီးတစ်ခုပါ.................
 

ဦးနှောက်သေးသိမ်မှု့

အစဉ်အလာတွေက အားလုံးကိုပိတ်ဆို့ထားကြတယ်ဗျာ...စာပေဆန်ဆန်
ပြောရရင် ပညတ်တရားတွေအပေါ်မှာအရေးပေးလွန်းကြတယ်...ကျွန်
တော်အသက်၂၆နှစ်ရောက်ခဲ့ပြီးပါပြီ..ဖတ်ခဲ့မှတ်ခဲ့ကျက်ခဲ့ ရတဲ့အရာတွေဆိုလည်း မနည်းတော့ဘူးလို့ပဲ ပြောရမှာပါပဲ...ရဟန်းတစ်ပါးလည်းဖြစ်တယ်ဆိုတော့
ှဗုဒ္ဓစာပေနဲ့လည်းမစိမ်းဘူးလို့ပြောရမှာပါပဲ...ဒါပေမယ့် တဖြည်းဖြည်းနဲ့သိ
လာတာက ကိုယ်ဟာ တွေးခေါ်တက်တဲ့ဘက်မှာ အရမ်းအားနည်းနေသေး
တယ်ဆိုတာပါ..ဒီအရွယ်ရောက်တဲ့အထိ သင်ယူလာခဲ့တဲ့သက်တမ်းတစ်
လျှောက် ကျက်ဟယ် မှတ်ဟယ် ဖြေဟယ်နဲ့ဒါတွေနဲ့ပဲ နားပန်းသတ်လာခဲ့ရတာ..ကျွန်တော်ရဲ့ပတ်ဝန်းကျင်မှာဆိုလည်း ဘာကိုမှ
ရဲရဲမတွေးရဲလောက်အောင် အားလုံးနေသားတကျ ရှိနေကြသူတွေချည်း
ပဲတွေ့ရပါတယ်..မှန်တယ်လို့အများကသတ်မှတ်ခဲ့ ပြောခဲ့တဲ့အရာတစ်ခုကို
ထပ်ပြီးဝေဖန်ဖို့ စဉ်းစားဖို့ အားလုံးမကြိုးစားကြဘူး..အားလုံးကိုလက်ခံလို
က်ကြဖို့အဆင်သင့်ဖြစ်နေကြသူတွေချည်းပဲတွေ့နေရပါတယ်..ဒါတွေဟာ
တကယ့်အမှန်တရားတွေဟုတ်ရဲ့လား...ဒီနေရာမှာတော့ နည်းနည်းလွဲနေ
သလားလို့ပြောလိုက်မိရင်တောင် မင်းကဘယ်လောက်တက်လို့လဲ..သိတဲ့တက်တဲ့သူတွေလုပ်ထားခဲ့တာကို
ဟုတ်ပါပြီ အဲဒါဖြင့်ရင် ဘာမှမသိမတက်လို့ ဖြင့်ရင်
ဘာမှတွေးတောပိုင်ခွင့်မရှိတော့ပြီလား..အရာရာကို ဒီအတိုင်းပဲလက်ခံနေ
ကြမယ်ဆိုရင် ကျွန်တော်တို့တွေ နယ်ချဲ့တွေရဲ့လက်အောက်က  ခုထိလွတ်
ကြဦးမယ်မထင်ဘူး...ဗိုလ်ချုပ်အောင်ဆန်းနိုင်ငံရေးလောကထဲကို စ၀င်တုန်းက၂၅နှစ်ပဲရှိပါသေးတယ်...သူဘာတွေလုပ်ခဲ့သလဲ...ဘာတွေတွေး
တောခဲ့သလဲ .....ပြီးတော့ လယ်တီဆရာတော်တုန်းကလည်း ဋီကာကျော်အမှား၃၀၀ကျော်ကိုထောက်ပြဝေဖန်တုန်းကလည်း
တစ်နိုင်ငံလုံးပွက်ပွက်ကိုညံလို့ ...အဆုံးမှာ အမှားကိုအားလုံးလက်ခံကြရတာပဲမဟုတ်လား....အတွေးလေးတစ်ခုအများ
အမြင်ကနေ ကွဲလွဲသွားပြီဆိုရင် အားလုံးကမေးငေါ့ ပြစ်တင်ဖို့ပဲအရင်စဉ်းစားကြတာအရမ်းကို ကြေကွဲဖို့ကောင်းပါတယ်....ကိုယ်
မစဉ်းစားရဲမတွေးတောရဲရင်တောင်မှ စဉ်းစားတွေးခေါ်တက်တဲ့သူကို ပြစ်တင်ရှုံ့ချတာကတော့ သေးသိမ်ရာကျလွန်းပါတယ်....ဆန့်ကျင်ဘက်
အကြောင်းအရာ တွေကို တောင်မှ သေချာရေရာမှုမရှိဘဲ လက်လွတ်စပယ်ဝေဖန်အပြစ်မတင်သင့်ပါဘူး....ဘုရားရှင်ကိုယ်တော်တိုင်
ကာလာမသုတ်မှာအပြည့်စုံဟောထားခဲ့တာပဲလေ...လောကမှာ ဘာမှမစဉ်းစားမတွေးခေါ်တက်ပဲ ဘ၀တစ်ခု ကိုကုန်ဆုံးသွားရခြင်းဟာ
အင်မတန်မှ ကြီးမားတဲ့ဆုံးရှုံးမှုပါပဲ....အတွေးအခေါ်သေဆုံးခြင်းကသာ
ဘ၀ရဲ့ အကြီးမားဆုံး  နစ်နာဆုံးရှုံးမှုဖြစ်တယ်ဆိုတာ နားလည်နိုင်ကြပါစေလို့ ပဲမျှော်လင့်နေမိပါတယ်

လျှာ

တစ်ထွာသာသာလေးရှိတဲ့လျှာတစ်ချောင်းက ခြောက်ပေလောက်ရှိတဲ့


လူတစ်ယောက်ကိုသေစေနိုင်တယ်တဲ့...ထိန်းချုပ်နိုင်ဖို့ခက်ခဲတာလည်း


အမှန်ပဲ...သူကပဲ စီရင်ချက်တွေချနေတာ..ချစ်သူတွေမုန်းအောင်၊


မုန်းသူကိုချစ်လာအောင်လုပ်ပေးတာ၊ အလိမ်အညာ၊ပလီပလာ၊ ကလီကမာနဲ့ မသတီစရာ စတဲ့စကားတွေသစ္စာ မေတ္တာ ဂရုဏာ


ချစ်တာတွေ အားလုံးသောစကားတွေက ဒီလျှာပေါ်ကပဲ ထွက်ကျလာတာ


လေ...လျှာပေါ်မှာစကားတွေရှိတာလား ဒါမှမဟုတ် စကားလုံးတွေချောမွေ့


စေဖို့လမ်းခင်းပေးတာလား..တွေးစရာပဲနော်..အားလုံးကမှီခိုနေရတဲ့


ဒီလျှာက ကောင်းခြင်းဆိုးခြင်းတွေကိုပေးစွမ်းနိုင်တာတော့အသေအချာပါ


ပဲ.ဒီလျှာကပဲ ဘာသာစကားတွေကွဲပြားစွာ....


ဒီလျှာနဲ့ပဲ အရသာတွေကွဲပြားစွာ


ဒီလျှာနဲ့ပဲ ကမ္ဘာကြီးလည်းကွဲပြားစွာ


ဘ၀တွေကိုတိုးတက်စေတာ


ယုတ်လျော့နိမ့်ကျစေတာ


ဇောက်ထိုးမိုးမျှော်ဖြစ်စေတာ


အရိုးမပါတဲ့ဒီလျှာ

Tuesday, July 19, 2011

ငါမနိုင်တဲ့ငါ

   ကြံစည်သမျှအားလုံး ဖျက်ဆီးတက်တာလည်းငါ...ရှေ့တိုးမလိုနဲ့ နောက်ပြ
န်တွန့်ဆုတ်နေတက်တာလည်းငါ...ရှောင်တိမ်းနေမယ်စိတ်ကူးပြီး ၀င်တိုးနေတက်တာလည်းငါ...ငါခိုင်ကြည်တော့မယ်လို့ ဆုံးဖြတ်ပြီး
လျော့ရဲ နေပြန်တာလည်းငါ...ရင်ထဲမှာသံမဏိ စည်းကမ်းတွေထုတ်ပြီး
အပြင်မှာ အရည်ပျော်စေတာလည်းငါ..
ကျွန်တော်ဟာ မခိုင်မာတဲ့ကောင် ပျော့ညံ့တဲ့ကောင် နဝေတိမ်တောင်ဖြစ်
နေတဲ့ကောင် ကိုယ့်ကိုယ်ကို မနိုင်တဲ့ကောင်..ဒါနဲ့များ တောင် ဖြစ်ချင်တာ
တစ်ပုံတစ်ခေါင်းကြီးလို့ပြောသေးတယ်..သူများတွေကိုလည်းဖြစ်စေချင်လိုက်
တာတဲ့ ..စွန့်သူတွေသာ စားရမယ်ဆို တဲ့စကားလေးလိုပေါ့..လောကကြီး
မှာထိုက်တန်တဲ့ အရာကို လိုချင်ရင် ထိုက်ထိုက်တန်တန် စွန့်လွှတ်မှ ရတက်ပါတယ်..လွယ်လင့်တကူသာ ရစတမ်းဆိုရင် တန်ဖိုးရှိတဲ့ အရာတွေ
တန်ဖိုးရှိတဲ့ ပုဂ္ဂိုလ်တွေဆိုတာပေါ်ပေါက်လာမှာတောင် မဟုတ်ပါဘူး..စွန့်လွှတ်မှုဆိုတာ တကယ်တော့ သာမန်ပုဂ္ဂိုလ်တို့အတွက် အင်မတန်ကြီးမားတဲ့ မြင့်မြတ်မှု့ တောင်တန်းကြီးလိုပါပဲ...ကျော်တက်နိုင်ဖို့အင်မတန် ခက်ခဲလှတဲ့ တံတိုင်းကြီးပါ...ဘုရားရှင်က လေးသင်္ချေနဲ့ ကမ္ဘာတစ်သိန်း
လုံး လုပ်ခဲ့တာ စွန့်လွှတ်မှု့ပါပဲ...အားလုံးအတွက် စွန့်လွှတ်ခဲ့တဲ့ရလဒ်က 
ဗုဒ္ဓတစ်ဆူ ဆိုတာပွင့်ပေါ်စေခဲ့တာပဲလေ...လောကကြီးမှာ ကောင်းတာတွေကို ဖြစ်အောင်လုပ်ဖို့ လုပ်ဖြစ်အောင်လုပ်ဖို့  မိမိတို့စိတ်ကို ပိုင်ပိုင်နိုင်နိုင် ထိန်းချုပ်ပြုပြင်နိုင်စွမ်းရှိဖို့အရမ်းအရေးကြီးပါတယ်..အသေးအဖွဲကိစ္စလေး
တွေကိုတောင် မှ မထိန်းချုက်မပြုပြင်နိုင်ရင် ကြီးမားတဲ့ အရာတွေမှာအောင်အောင်မြင်မြင် ဆုံးဖြတ်လုပ်ကိုင်နိုင်ပါ့မလားဆိုတာ
တွေးမိကြဖို့လိုပါတယ်...လောကမှာကိုယ်မနိုင်တဲ့ အရာဟာကိုယ်စိတ်
ပါ..အဲဒီစိတ်ကို အတော်အတန် ထိန်းသိမ်းချုပ်ကိုင်နိုင်ပြီဆိုရင်ပဲ
အောင်မြင်ဖို့ အတွက်ရာခိုင်နှုန်းအတော်လေးများနေပါပြီ....အားလုံးဟာ
အောင်မြင်တိုးတက်ချင်သူတွေဆိုတော့ မကောင်းဘူးလို့ထင်တဲ့အရာတွေကို ဘယ်လိုနည်းနဲ့မဆိုစွန့်ကြဖို့...ကောင်းတယ်ထင်တဲ့အရာတွေကို တွန့်ဆုတ်စေတဲ့ အရာမှန်သမျှ ၀င်မလာနိုင်အောင် တားဆီးစွန့်ပယ်ပစ်
နိုင်ကြဖို့အရေးကြီးပါတယ်...ငါသာငါဘ၀ရဲ့အရှင်ဖြစ်အောင် ကြိုးစားနိုင်ကြရင်.....
 

Monday, July 18, 2011

ဆွံ့အမိုးရေ

လင်းရောင်ခြည် လာခါနီးပြီဆိုတော့
အမှောင်ကပိုပြီးသိပ်သည်းလာတယ်ထင်ရဲ့ 
ငယ်စဉ်က ကလေးကဗျာလေးတွေအော်ကျက်ခဲ့သလို
ရင်ထဲမှာသံမှိုနှက် အလွတ်ရတက်ခဲ့တယ်
လူတွေရဲ့မျက်နှာတွေနဲ့ ယဉ်ပါးပါများလာတော့
ခုတော့ ကဗျာတွေကိုမကျက်ဘဲ ရနေတက်ပြီ
တွန့်ကြေဖောင်းပွနေတဲ့ ရင်ဘတ်ကြီးကို
မီးပူထိုးခေါက်သိမ်း ထားရတော့မယ်
သူတစ်ပါးကို ဖတ်တက်တဲ့ ပညာကို
သဘာဝကြီးက အားပါးတရသင်ပေးလိုက်တော့ 
မယုံသင်္ကာဖြစ်တက်တဲ့ စိတ်က အရွယ်ရောက်လာတယ်
ကိုယ့်ကိုချစ်ခင်ခဲ့သူတွေနဲ့ မုန်းတီးနေသူတွေဆီကပါ
အကြည့်စူးစူးတွေနဲ့ ပစ်ပေါက်တာခံရတယ်
သဘာဝကိုဖီလာလုပ်ပြီး
ဂျိုတမြမြ လုပ်နေတဲ့ကောင်တဲ့
နားမထောင်ပါဘူး
စိတ်လိုလက်ရ ငိုရယ်လိုက်တယ်
ပီပြင်တယ်ဆိုတာ
လက်ခမောင်းမခတ်ခင်အရှုံးပေးလိုက်သလိုမျိုးထင်ရဲ့
ဘယ်သူမှ မချစ်ခဲ့ဘူးလို့ အော်ငြင်းရင်း
ဒူးထောက်ေ ချာ်လဲကျခဲ့တာ အကြိမ်ကြိမ်
ကိုယ့်သိက္ခာကိုယ်ပြန်ဆယ်ရင်း 
တစ်နေ့တော့ တိမ်တွေ အထပ်ထပ်
ထူထပ်နေသောနေ့တစ်နေ့မှာ
လူမသိသူမသိ 
တ၀ုန်းဝုန်းရွာပစ်လိုက်တယ်
တကယ်တော့ ရောင်နှီမလာခင်
ကိုအသိုက်ထဲကထွက်ခဲ့သင့်တာ
ခုတော့
ပိုမှောင်လာတယ်
ပိုမှောင်လာတယ်..