Wednesday, March 21, 2012

တစ်မနက်စာ လူ့ဘဝ

ပုပ္ဖာနိ ဟေဝ ပစိနန္တံ၊ ဗျာသတ္တမနသံ နရံ။
 အတိတ္တညေဝ ကာမေသု၊ အန္တကော ကုရုတေ ဝသံ
  ပန်းတို့ကို ကောင်းနိုးရာရာ ဆွတ်ခူးသောသူကဲ့သို့ ကာမဂုဏ်တို့ကို ဆွတ်ခူးလျက် မရသေးသည်ကို တောင့်တ၊ ရပြီးသည်ကို တွယ်တာ၊ လွန်စွာ ကပ်ငြိသည့် စိတ်ရှိသော ကာမဂုဏ်တို့၌ မရောင့်ရဲနိုင်သောသူကို သေမင်းယုတ်သည် မိမိအလိုအတိုင်း ပြုနိုင်၏
     ခုဒ္ဒကနိကာယ် ဓမ္မပဒပါဠိတော်  ပုပ္ဖ၀ဂ် ပဋိပူဇိက ကုမာရီဝတ္ထုကိုဖတ်ပြီး ခံစားမိတာနဲ့ ဒီအကြောင်းလေးကို ရေးလိုက်ရခြင်းပဲဖြစ်ပါတယ်....တကယ်တော့ လူ့ဘ၀ဆိုတာ အင်မတန်တိုတောင်းလွန်းလှတာကိုလူတွေကမေ့နေကြလို့သာ စားကာအိပ်ကာ ပျော်ရွှင်ကာနေနိုင်ကြတာပါ...ပဋိပူဇိကနတ်သမီးလေးအ
ကြောင်းကို အတိုချုပ်ပြောရမယ်ဆိုရင် တစ်နေ့ သောအခါ တာဝတိံသာနတ်ပြည်မှာ ပဋိပူဇိကာ အပါအ၀င် နတ်သမီးအယောက်ငါးရာ ဥယျာဉ်တော်မှာ သူတို့ အရှင်သခင်နတ်သားအတွက် ပန်းတွေခူးနေခိုက် ပဋိပူဇိက နတ်သမီး စုတိစိတ်ကျလို့ ဖြုတ်ခနဲ သေဆုံးသွားတယ်....မကြာသောအချိန်လေးမှာပဲ လူပြည့်ရဲ့ ချမ်းသာသော အမျိုးမှာ သွားဖြစ်တယ်..ပဋိပူဇိက နတ်သမီးအလောင်း
ကလေးမလေးဟာ သူဟာ ဘယ်ဘ၀ကလာတယ်ဆိုတာ မှတ်မိတဲ့ ဇာတိဿရ ဉာဏ်ကိုလည်းရတော့ သူ့ရဲ့အရင်ဘ၀ကို ပြန်လည်လိုချင်တာကြောင့် လူ့ဘ၀မှာ ရှိနေတဲ့ အခိုက် ကုသိုလ်ကောင်းမှု့တွေကို အားကျိုးမာန်တက် ကြိုးစားပြုတာပေါ့...
ဗုဒ္ဓဝေယျာဝေစ္စ ဓမ္မဝေယျာဝေစ္စ သံဃာ့ဝေယျဝေစ္စတွေ ကို မလစ်ဟင်းရအောင်ပြုရင် ကျင့်ဝတ်သီလနဲ့လည်းပြည့်စုံစေပါသတဲ့ အဲဒီလို ကောင်းမှု့ကို ပြုပြီးတိုင်းမှာလည်း သူဟာဆုတောင်းမှု့တစ်ခုကိုတစိုက်မတ်မတ် ပြုလေ့ရှိတယ်..အဲဒါကတော့ ဒီလိုပြုလုပ်ရတဲ့ကောင်းမှု့ကြောင့် အရင်ဘ၀က သူ့လင်တော်မောင် နတ်သားရှိတဲ့ တာဝတိံသာနတ်ပြည်မှာ ဖြစ်ရပါလို၏လို့ အမြဲလိုလိုဆုတောင်းပါသတဲ့...အဲဒီလိုနဲ့ အရွယ်ရောက်လို့ အိမ်ထောင်ကျပြီး ကလေးလေးယောက်ရပြီးတဲ့နောက် အသက်၅၀ လောက်မှာ ကွယ်လွန် အနိစ္စရောက် လို့ သူဆုတောင်းတဲ့အတိုင်းနတ်ပြည်မှာ ပြန်ဖြစ်တယ်...ခဏတာပျောက်သွားတာကို သတိထားမိတဲ့ နတ်သားက စောစောက ဘယ်ပျောက်သွားတာလဲလို့ မေးတော့ သူက ဒီနတ်ပြည်ကနေ စုတိရွေ့လျောပြီး လူ့ပြည်မှာလူသွားဖြစ်တယ်ဆိုတာပြောပြတယ်...အဲဒီမှာ နတ်သားက အင်မတန်အံ့သြပြီး လူ့ဘ၀ဆိုတာ ဒီလောက်တောင်မှ အသက်တမ်းတိုတောင်းလွန်းလှပါတကားလို့ သံဝေဂ ပွားမိသွားတယ်...ဒါနဲ့ နတ်သမီးကိုမေးတယ် ....ဒီလောက်သက်တမ်းတိုတောင်းတဲ့ လူ့ဘ၀မှာ လူတွေဟာ ကုသိုလ်ကောင်းမှုတွေကို အားကျိုးမာန်တက်လုပ်နေကြသလားလို့ပေါ့ ....နတ်သမီးကဖြေတယ်
လူတွေက ကုသိုလ်ကောင်းမှု့တစိုက်မတ်မတ်ကိလုပ်တဲ့သူအင်မတန်ရှားပါးကြောင်း
စားကာအိပ်ကာပျော်ရွှင်ကာသာ နေကြတဲ့အကြောင်းပြောပြတယ်...တာဝတိံသာနတ်ပြည်ရဲ့တစ်
မနက်စာလောက်သာရှိတဲ့ လူ့ဘ၀အချိန်လေးအတွင်းမှာ လူတွေဟာ ကုသိုလ်တရားတွေပြုဖို့မေ့နေကြတဲ့ အတွက် အဲဒီလူ့ဘ၀ကနေ ပျက်ရွှေ့ကွယ်လွန်တဲ့အခါ ကောင်းမွန်တဲ့ ဘ၀တွေကိုမရပဲ အပါယ်လေးဝကို ဆင်းသွားတဲ့သူတွေက များတယ်ဆိုတာ ဒီနေရာမှာ ဖော်ပြချင်တာပါ.....စားရေး ၀တ်ရေး နေရေး ဆိုတဲ့ ရေးပေါင်းများစွာနဲ့ လူ့ဘ၀ကြီးမှာအချိန်ကုန်ရင်းကောင်းမှု့ပြုရမယ်မှန်းမသိ ပျော်ရွှင်ယစ်မူး
နေကြတာ သံဝေဂ ယူစရာကောင်းပါတယ်....ရခဲလှတဲ့ လူ့ဘ၀ကြီးမှာ မိမိကိုယ်ကို အမြဲတမ်းအသက်ရှင်တည်ရှိနေမယ်လို့
ထင်မြင်ပြီး အေးအေးဆေးဆေး နေနေကြတာ တကယ်တော့ လူ့ဘ၀ဆိုတာ အင်မတန်တိုတောင်းလွန်းတဲ့ ကာလအတွင်း အသက်ရှင်နေနေကြရတယ်ဆိုတာ နားလည်သဘောပေါက်သင့်လှပါတယ်
  ရခဲလှတဲ့လူ့ဘ၀ ၊ကြားနာခဲလှတဲ့ ဗုဒ္ဓတရားတွေကို နာကြားခွင့်ရခိုက်မှာ မိမိတို့ အနေနဲ့ မေ့လျော့ပေါ့ဆ မနေဘဲ ကုသိုလ်တရားတွေကို ဆည်းပူးဖြည့်ကျင်ကြဖို့ လိုအပ်လှပါတယ်...အဲဒီလိုမှမဟုတ်ပဲ ပေါ့တီးပေါ့ဆ နေထိုင်ရင်း လူ့ဘ၀ရဲ့တန်ဖိုးရှိတဲ့ အချိန်တွေကို ဖြုန်းတီး ပစ်လိုက်မယ်ဆိုရင်တော့  မိုက်မဲရာ ကျမှာဖြစ်ပြီး မိမိကိုယ်ကို တူးဖြို
ဖျက်ဆီးပစ်ရာရောက်သွားမှာဖြစ်ပါတယ်......ယနေ့ခေတ်ကြီးမှာ လူတွေရဲ့သက်တမ်းဟာ အင်မတန် တိုတောင်းသွားပါပြီ...
အသက်ရာကျော်နေနိုင်တဲ့ သူဆိုတာ အင်မတန်ရှားသွားပါပြီ
ဒီလို အသက်ရှင် နေစဉ်အတွင်း အရေးပေါင်းများစွာနဲ့ မေ့လျော့ ပေါ့ဆမနေသင့်တော့ပါဘူး.....ဒါကြောင့် 
ကိုယ့်ဘ၀ ရိက္ခာထုပ်ကို တစ်ခြားဘယ်သူမှ ကူညီထုပ်ပိုးပေးလို့ မရပါဘူး မိမိအတွက် မိမိကိုယ်တိုင် ထုပ်ပိုးပြင်ဆင်ထားနိုင်မှသာလျှင်မိမိဘ၀အတွက် စိတ်ချလက်ချ နေနိုင်မှာဖြစ်ပါတယ်....ဒါကြောင့်တစ်မနက်စာ လူ့ဘ၀လေးကို တန်ဖိုးရှိရှိ အသုံးချရင်း ကောင်းမွန်တဲ့ ဘ၀တွေကို ပိုင်ဆိုင်နိုင်ဖို့ အတွက် အားလုံးသောအရေးတွေထက် မိမိဘ၀အတွက် 
ကောင်းမှု့ တရားတွေကို ဖြည့်ဆည်း ထုပ်ပိုးနိုင်ကြဖို့လိုအပ်လှပါကြောင်း တင်ပြရင်း........။

Tuesday, March 20, 2012

တန်းတူအခွင့်အရေး

     လူဆိုတာ တစ်ကယ်တွေးကြည့်တော့ ဒီမိုကရေစီ သတ္တ၀ါလို့ ယူဆမိတယ်...ဒါပေမယ့် လူတွေက အဲဒါကို နားမလည်ကြလို့သာ 
မိမိတို့ကိုမိမိ အကျဉ်းသားတွေလို ပြုမူနေထိုင်နေကြတာ....လူမှာလူဆိုတဲ့
ဂုဏ်ရည်သတ္တိဆိုတာရှိတယ်..လူရယ်လို့ ဖြစ်လာရင် လူ့တစ်ယောက်ပိုင်ဆိုင်ခွင့်ရှိတဲ့ အခွင့်အရေးတွေတော့ ကိုယ်စီ ပိုင်ဆိုင်ကြစမြဲပါပဲ...အဲဒီပိုင်ဆိုင်မှုအပေါ်မှာအသုံးချတက်ပုံချင်းသာကွဲပြား

သွားတာလေးတစ်ခုပါပဲ...ဒီနေရာမှာမေးရမယ့်မေးခွန်းလေးတွေက.လောကမှာ ကောင်းမှု့ မကောင်းမှု့တရားတွေဆိုတာ ဘယ်သူကလုပ်တာလဲ...ဘယ်သူကတိုက်တွန်းလို့လုပ်တာလဲ....ဘာကြောင့်
လုပ်ရတာလဲ....အမျိုးမျိုးအထွေထွေသောစစ်တမ်းတွေ ထုတ်ကြည့်ရင် ကောင်းခြင်း မကောင်းခြင်းတို့ရဲ့  အဓိက လက်သည်က မိမိကိုယ်တိုင်ဖြစ်နေတာတွေ့ရတယ်....ကောင်းတဲ့ အလုပ်တွေ လုပ်တာလည်း ကိုယ်တိုင်ပဲ မကောင်းသော အလုပ်တွေကို လုပ်နေတာလဲ မိမိ ကိုယ်တိုင်ပဲ...အထိုက်အလျောက်အသိဉာဏ်ရှိတဲ့ မည်သူမဆို ကောင်းတဲ့ အလုပ်တွေ ကိုရွေးချယ်နိုင်တဲ့ အခွင့်ရေးရှိသလို 
မကောင်းမှု့ ကို ပြုလုပ်ဖို့ အခွင့်အလမ်းတွေလည်းရှိတယ်...ဒါပေမယ့် တစ်ချို့ကပြောကြမှာပဲ တစ်ချို့သောဘ၀တွေက ရွေးချယ်စရာမရှိတဲ့အဖြစ်တွေရှိနေပါသေးတယ်လို့
လို့ပေါ့...ဟုတ်ပါတယ်...ဒါပေမယ့် တစ်ချို့က ရွေးချယ်ပိုင်ခွင့်တွေ တစ်ပုံတစ်ပင်ရှိနေပါလျက် မကောင်းမှု့မှာမွေ့လျော်နေတာတွေလည်း အများကြီးပေါ့.....ပြောရရင် လူတစ်ယောက်ရဲ့ စိတ်ဓါတ်နဲ့ ပတ်သတ်ပြီးပြောမယ်ဆိုရင် လူတစ်ယောက်ဟာ ကောင်းမွန်တဲ့ စိတ်ဓါတ်ကိုမွေးမြူခွင့် ပိုင်ဆိုင်ခွင့် ရှိပါတယ်..သိုပေမယ့် သူဟာကောက်ကျစ်တဲ့ အတွေးတွေ၊ ယုတ်မာတဲ့ စိတ်တွေ၊ မကောင်းတဲ့
အပြုအမူတွေနဲ့ လူတွေနဲ့ဆက်ဆံတဲ့အခါ မှာ အသုံးပြုတယ်...တကယ်ဆို သူဟာရှောင်ကြဉ်လို့ရနိုင်ပါလျက် သူလုပ်တာ ဒါမျိုးကြတော့ သူဟာ မကောင်းမှု့ကို စိတ်လိုလက်ရ ရွေးချယ်ပြီးမှ လုပ်တယ်လို့ပြောရင် ရမယ်ထင်တယ်......ဒါဟာသူ့လွတ်လပ်မှု့ကို သူထင်သလို အသုံးချလိုက်တာပါပဲ...ဒါဟာသူ့အတွက် တော့ တကယ့်မဟာ လွတ်လပ်မှု့တစ်ခု၊ သူရွေးချယ်လိုက်တဲ့ လမ်းပဲ၊
  လူသားတွေက အများအားဖြင့် အပေါ်ယံ တားဆီးချုပ်နှောင်မှု့ တွေကိုပဲ မြင်ကြတာများပါတယ်။ ကိုယ့်နှလုံးသား ကိုယ့်ရင်ဘတ်ကြီးကိုတော့ တုတ်နှောင် အမှောင်ချထားတက်ကြတယ်...ဘုရားရှင်မှတပါး ဘယ်သူမှ ပြီးပြည့်စုံတဲ့ လူသားရယ်လို့တော့မရှိပါဘူး ကိုယ်စီကိုယ်စီ ချို့ယွင်းချက်တော့ ရှိကြစမြဲပါပဲ....ဘုရားရှင်ကိုယ်တော်တိုင် ရရှိလာတဲ့ လူသားတစ်ယောက်ရဲ့ လွတ်လပ်တဲ့ အခွင့်အရေးကို မိမိရရ အပိုင်အနိုင်အသုံးချခဲ့ လို့သာလျှင် နတ်လူဗြဟ္မာတို့ရဲ့  အားထားကိုယ်းကွယ်ရာ ဆရာတစ်ဆူဖြစ်ခဲ့တာဖြစ်ပါတယ်....
ရရှိထားတဲ့ လူ့ဘ၀ကို လက်လွတ်စပယ် ပေါ့တီးပေါ့ပျက်သာ အသုံးချလိုက်မယ်ဆိုရင် အဲဒီ အခွင့်အရေးမျိုးဘယ်လိုရနိုင်ပါတော့မလဲလေ....
ဒါကြောင့်ဆိုရလျှင် အရာအားလုံးကို လွတ်လပ်စွာရွေးချယ်ပိုင်ခွင့် ရှိတဲ့ လူသားတစ်ယောက်ဘ၀ ကို ပိုင်ဆိုင်ထားတဲ့ လူတိုင်းဟာ ရရှိရောက်ရှိနေဆဲဘ၀ မှာ ကောင်းတာတွေပြောဆို ပြုမှုကျင့်ကြံ နေထိုင်နိုင်တဲ့ လူတိုင်းကိုယ်စီ ရနိုင်တဲ့ အခွင့်အရေးကို
လက်လွတ်ဆုံးရှုံးမခံနိုင်ဘူးဆိုရင် ကိုယ်က ကောင်းတာတွေရွေးချယ်လုပ်ကိုင် ပြောဆို ပြုမှုကြရမှာပေါ့
အဲဒီလိုမဟုတ်ပဲ မကောင်းတာတွေကြီးကိုပဲ အားပါးတရ ခူးယူစားသုံးပစ်လိုက်မယ်ဆိုရင်တော့ ရရှိထားတဲ့ ကိုယ့်လွတ်လပ်ခွင့်ကို 
ဖြုန်းတီးပစ်လိုက်ရာရောက်မှာပေါ့......
တကယ်တော့ လူတွေမှာ မွေးရာပါ ဒီမိုကရေစီ အခွင့်အရေးတွေ ကိုယ်စီကိုယ်စီရှိကြပါတယ်...ဒါပေမယ့် မိမိကိုယ်တိုင်က အဲဒီလွတ်လပ်
ခွင့်တွေကို ပိုင်ဆိုင်နိုင်တဲ့ အရည်အချင်း အရည်အသွေးတွေကို ပိုင်ဆိုင်ချင်တဲ့စိတ်၊ပိုင်ဆိုင်ခွင့်ရချင်တဲ့ စိတ်ကလေးတော့မွေးယူကြရမှာပေါ့။ ဒီိလိုမှ မဟုတ်ရင် မိမိဟာ ဒီမိုကရေစီနဲ့မထိုက်တန်တဲ့ လူသားတစ်ယောက်အဖြစ်နဲ့ ဒီလောကကြီးထဲမှာနေထိုင်ရင်း လွတ်လပ်မှု့နဲ့ ထိုက်တန်တဲ့ အခွင့်အရေးပေါင်း မြောက်များစွာကို လက်လွတ်ဆုံးရှူံး သွားမယ့်လူသားတစ်ယောက်ဖြစ်သွားမှာပေါ့။။
 ဒါကြောင့် တန်းတူအခွင့်အရေး ရရှိထားသူချင်း သင်က ဘာကြောင့် ကောင်းတဲ့လမ်းကို မရွေးချယ်နိုင်သလဲဆိုတာကတော့
သင့်ကိုယ်ပိုင်လွတ်လပ်ခွင့်ပဲဖြစ်ပါကြောင်း....

Thursday, March 15, 2012

အမှားဆိုတာ ဒီလိုပဲ

      မမှားဘူးသေးတဲ့ သူလက်ညှိုးထောင်ဆိုလို့ 
ထောင်လိုက်မိပါတယ်.....လိမ်တက်တယ်ဆိုပြီး အမှားခြစ်ခံလိုက်ရတယ်
ငယ်ငယ်က မကြာခဏ နားထောင်ခဲ့ဖူးတယ် ...လူကြီးတွေ ပြောပြတဲ့ 
မယားကြောက်ပုံပြင်လေးကိုပြန်ပြောပြချင်ပါတယ်.....တစ်ခါတုန်းကပေါ့....သူကိုယ်တိုင် မိဖုရားကြီးကိုကြောက်ရတဲ့
ရှင်ဘုရင်ကြီးတစ်ပါးက သူ့တိုင်းပြည်မှာ မယားမကြောက်ရတဲ့သူတွေကို ဆုတော်လာဘ်တော်များ ချီးမြှင့်ပေးသနားမယ်ဆိုပြီး မောင်ကြေးနင်း
လည်ခတ်စေသတဲ့... အဲဒီလိုနဲ့ တိုင်းပြည်ကယောက်ျားမှန်သမျှ နန်းတော်
ကို အခစားရောက်လာပါရော...ရှင်ဘုရင်က မိန်းမမကြောက်တက်သူတွေအတွက် မဏ္ဍပ် တစ်ခု မိန်းမကို ကြောက်တက်သူတွေအတွက် မဏ္ဍပ်တစ်ခုဆောက်လုပ်ထားစေသတဲ့.....ရှင်ဘုရင် အပါအ၀င် မူးကြီးမတ်ရာ သေနာပတိတွေက အစ တိုင်းပြည်တွင်းက အခစားရောက်
နေကြတဲ့ ယောက်ျားတွေအားလုံး မဏ္ဍပ်တစ်ခုတည်းမှာသာစုရုံးနေမိကြသတဲ့....ဒါပေမယ့် ထူးထူးဆန်းဆန်း လုလင်တစ်ယောက်ကတော့ဖြင့် သူများတွေနဲ့တစ်မူ
ထူးပြီး မယားမကြောက်သူတွေ နေဖို့လုပ်ထားတဲ့ မဏ္ဍပ်မှာ ခပ်တည်တည်နဲ့ နေနေ တာကို တွေ့ရတဲ့ ရှင်ဘုရင်ကြီးက ၀မ်းသာသွားတာပေါ့...ငါတော့ မယားကိုမကြောက်ရမယ့် နည်းလမ်းတော့ ရပြီဟဲ့ ဆိုပြီး အဲဒီလုလင်ကို သူ့ထံအခစားဝင်စေပြီး သူသိချင်တဲ့ မိန်းမ မကြောက်ရတဲ့ နည်းကို မေးသတဲ့ ...အဲဒီမှာ လုလင်ဖြေလိုက်တဲ့ အဖြေကြောင့် ရှင်ဘရင်နဲ့တကွ သောနားထောင်နေသူအားလုံး "ဟိုက် ရှာလပတ်ရည်"
ဆိုပြီး ဖြစ်သွားကြရောတဲ့....လုလင်ယောက်ျားဖြေဆိုလိုက်တာက ကျွန်တော်မျိုး ဇနီးက ဟိုရောက်ရင် ရှင်သူများတွေနေတဲ့နေရာမှာ မနေနဲ့ လို့ မှာလိုက်လို့ပါတဲ့.....နောက်ဆုံးတော့ တစ်တိုင်းပြည်လုံးက ယောက်ျားတွေ အားလုံး မယားကြောက်ရတဲ့သူတွေချည်းဆိုပါတော့လေ....
  ခုလည်းဒီလိုပါပဲ...အမှားဆိုတာ လူတိုင်းလူတိုင်း မကင်းနိုင်ကြလို့ အမှားသံသရာလည်တက်ပုံလေးကို စဉ်းစားမိတာနဲ့  အရင်က ရေးထားတဲ့ စာလေး ကို ပြန်တင်ပြလိုက်တာပါ...
   ''''   မှားတယ်ဆိုတာ သိပြီးပေမယ့်  ပြင်ဆင်ဖို့ခက်တာ
အမှန်ပဲ... အဲဒီ အမှားကို မပြင်ဆင်နိုင်သေးသရ်ူလည်း ဆက်
ပြီးမှားနေကြဦးမှာပဲ....အဲဒီလို စဉ်ဆက်မပြတ် မှားနေဦးမယ်ဆို
ရင်လည်း  အဲဒီအမှားပေါ်မှာ နေသားတကျ ဖြစ်နေမှာ မလွဲပါဘူး
အမှားတွေ နေသားကျ လာပြီ နေသားကျနေပြီဆိုရင် အမှားကို အမှန်
ထင်နေမိဦးမှာပဲ.......အဲလိုမှန်တယ်ထင်လို့လည်း သက်တောင့်သက်သာဆက်ပြီးမှားနေမှာပါပဲ...အဲ ပြီးတော့ မှားတယ်ဆိုတာ သိနေဦးမယ် ထပ်ပြီး..........''''
အင်းအဲလိုနဲ့ အမှားသံသရာမှ ထွက်ရာလမ်းကိုရှာမတွေ့တော့ပဲ
အမှားထဲမှာ မြုပ်လိုက်ပေါ်လိုက်နဲ့ .........
တကယ်တော့ အမှားဆိုတာလူသားတွေရဲ့
လူသားဖြစ်ကြောင်း သက်သေခံ 
မှတ်ပုံတင်တစ်ခုဖြစ်တယ်
ဆိုတာ  ငြင်းလို့
မရတဲ့ အမှန်တရား
တစ်ခုဖြစ်ပါတယ်..........။

    

ခဏတိုင်းနေပါ

 For yesterday is but a dream,
and tomorrow only a vision,
but today ,well lived, make every yesterday
A dream of happiness,
and every tomorrow a vision of hope and enjoy
look well then to this day.
  မနေ့ကဆိုသည်မှာ စိတ်ကူးမျှသာတည်း
မနက်ဖန်ဆိုသည်မှာ စိတ်ကူးအာရုံမျှသာတည်း
သို့သော် ယနေ့ကို ကောင်းစွာနေထိုင်လိုက်ပါလျှင်
မနေ့က ရက်တိုင်းကို ပျော်ရွှင်ချမ်းမြေ့ခြင်း၏
အိပ်မက်ဖြစ်စေလိမ့်မည်
မနက်ဖန်တိုင်းကိုလည်း
မျှော်လင့်ခြင်းနှင့်ပျော်ရွှင်ခြင်းတို့၏
စိတ်ကူးရုပ်ပုံလွှာအဖြစ် ထင်မြင်လာစေလိမ့်မည်
ထို့ကြောင့် ယနေ့ကို ကောင်းစွာရှူ့မြင်နေထိုင်ပါလေ.....။
   သူငယ်ချင်းတစ်ပါးဆီက ဒေါက်တာကေသီရီဓမ္မာနန္ဒရဲ့ ဘာကြောင့်
စိုးရိမ်နေပါသလဲ (why worry)စာအုပ်ကို ဘာသာပြန်ထားတဲ့ ဒေါက်တာမင်းတင်မွန် ရဲ့စာအုပ်ကို ဖတ်ပြီး 
ကြိုက်တာကြောင့် ကူးယူတင်ပြခြင်းဖြစ်ပါသည်...။ဒီစာကိုရေးသားသူ
ပိုင်ရှင်ကတော့ နာမည်ကျော် ကာလီဒါသ ပဲဖြစ်ပါတယ်.....

လူပါးဝကြစို့

ဖျက်ကျော်ဖို့ မဟုတ်ဘူး
ချနင်းဖို့ မဟုတ်ဘူး 
ပါးပါးလှီးဖို့ မဟုတ်ဘူး
အမြှီးကျက် အမြှီးစား
ခေါင်းကျက်ခေါင်းစား
တစ်ကိုယ်စာ အတ္တနဲ့ 
လောင်ပြနေဖို့လည်းမဟုတ်ဘူး
     ပြောချင်တာပြော
လုပ်ချင်တာလုပ် 
တကယ်တော့
ဘ၀တစ်ပုဒ်လှဖို့ဆိုတာ
မင်းဘယ်လိုစုတ်ချက်တွေ 
ရေးဆွဲမလဲဆိုတာအပေါ်မှာ မူတည်တယ် ။
           ဒါဟာငါပဲ
ဒါပဲအမှန်
အပေါ်ယံဝတ်ရုံကို အသာခွာ
မင်းနှလုံးသားထဲမှာ စူးဝင်နေတဲ့ အတ္တ
သိပ်တော့မပြနဲ့ လူတွေအကြား
ခဏတော့ သိမ်းထား.....။
         ဘာလဲ...? ဘယ်လဲ.....?
လူတွေ မေးနေကြမေးခွန်း
ဘာပဲဖြစ်ဖြစ် တစ်ခွန်းတော့ ပြောခဲ့
တို့ရပ်နေတာ ကမ္ဘာမြေကြီး
အဲဒါတော့ တကယ်တွေး
ထပ်ပြောရင် ရှင်သန်မှု့ဆိုတာ
အောက်ဆီဂျင် မပြတ်တောက်ခင်လေးခဏပါ
      ကဲ
      ဘာတွေတွေးမလဲ...?
ဘာတွေ လုပ်မလဲ........?
ဘယ်ကိုပြေးမလဲ.........?
ဘာတွေ ချန်ထားခဲ့မလဲ........?
မစဉ်းစားရသေးရင် ခဏရပ်  ဒီနားမှာ
       ပြီးတော့
မင်းနေတက်ပြီလား..........?
မင်းကျေနပ်ပြီလား...........?
မင်းသေတက်ပြီလား.........? 
တစ်ခုတော့ရှိတယ် 
 မနေတက်သေးရင်  အသေကြပ်မယ်..။
မသေတက်သေးရင် အနေကြပ်မယ်...။
မကျေနပ်သေးရင် တော့ ထပ်လုပ်
         ဒါပေမယ့် အချိန်တော့ အဟုတ်တိုလွန်းတယ်.....။။။။

တိမ်မယောင်နဲ့ နက်

  လိုက်နာစရာ စည်းကမ်းတွေ များလွန်းတာကြောင့် သာသနာတော်မှ 
မပျော်ပိုက်ဖြစ်နေတဲ့ ရဟန်းတော်လေးကို မြတ်စွာဘုရားက စည်းကမ်းတွေ လျော့ပေးလိုက်တယ်....၂၂၇သွယ် အကျယ် ကုဋေ ၉၀၀၀ကျော်တဲ့ သိက္ခာပုဒ်တွေအစား ကာယကံ ၀စီကံ မနောကံ အမှုတွေနဲ့ မကောင်းမှုတွေကို မပြုမိဖို့ စောင့်ထိန်းဖို့ ဆိုတဲ့ သုံးခုတည်းသော စည်းမျဉ်းမျှသာ ပါပဲ.....
မြတ်ဘုရားရဲ့ နောက်ဆုံးပစ္ဆိမ၀စန ဖြစ်တဲ့ ''မကောင်းမှု့ရှောင် ကောင်းမှု့ဆောင် ဖြူအောင်စိတ်ကိုထား""
ဆိုတဲ့ စကားလေးပါ.....တစ်ခါတစ်လေကြရင် လူတွေက စည်းကမ်းတွေနဲ့ တင်းကြပ်ပိတ်လှောင်ထားခဲရတဲ့အခါ ချိုးဖောက်ချင်
ကြတယ် ....တစ်ခါတစ်လေကြတော့လည်း နည်းပရိယာယ်လေးနဲ့ 
ဆိုဆုံးမမှုတွေနဲ့ပဲ အဆင်ပြေနေတက်ကြပြန်ရော.......
     တကယ်တော့ လူနဲ့တကွ သတ္တ၀ါအားလုံး ကမ္ဘာလောကကြီးတစ်ခု
လုံး အေးချမ်းစေဖို့ကတော့ မကောင်းမှု့ဆိုတာဘာလဲဆိုတာ သိဖို့ အဲပြီးရင် အဲဒါကိုရှောင်ဖို့ ပါပဲ...လွယ်တယ်တော့မထင်လိုက်ပါနဲ့မကောင်းမှု့ကို သိဖို့ဆိုတာကို တစ်ခါက သီတဂူဆရာတော်ကြီးရဲ့တရားတော်ထဲမှာ နာလိုက်ရတယ် ဆရာတော်အမေရိကမှာ သီးတင်းသုံးတုန်းကထင်ပါရဲ့ အဲဒီက ပါမောက္ခတစ်ယောက်က ဆရာတော်ကိုမေးတာ မကောင်းမှု့ဆိုတာ
ဘာလဲ ကောင်းမှု့ဆိုတာဘာလဲဆိုပြီးမေးတာ...စဉ်းစားကြည့်လေ မိမိ
တို့တွေ ကံကောင်းလို့သာ သာသနာတော်ကြီးနဲ့ ကြုံလို ဘုရှာရှင်ရဲ့
တရားတော်တွေကို နာကြရ သင်ကြရ ကျင့်ကြရတာ ကောင်းမှုမကောင်းမှုကို တောင် မသိတဲ့ လူတွေ ဒီကမ္ဘာမှာအများကြီးပါ....အသေးစိတ်သိဖို့ဆိုတာ ဝေလာဝေးပေါ့....
ဒါပေမယ့် ကံကောင်းလွန်းတဲ့ ကျွန်ုပ်တို့တွေ ကောင်းမှု့ မကောင်မှု့တွေကို သိခွင့်ရ ကျင့်ခွင့်ရပေမယ့်လည်း မကျင့်သုံးနိုင်ကြလို့ ပြောနေတာတွေ ကြောင့် တင်းကြပ်တဲ့ ဂီဟိဝိနယ
တွေကို မကျင့်သုံးနိုင်ရင် မြတ်စွာဘုရားနောက်ဆုံးပြောတဲ့ စကားလေးကိုသာ လိုက်နာကျင့်ကြံသွားမယ်ဆိုရင် 
လည်းဖြစ်နိုင်ပါတယ်
အဲဒါကတော့ မကောင်းမှု့ကို မလုပ်မိ မပြောမိ မကြံမိအောင်ရှောင်ပါ
ကောင်းမှု့ဆိုရင် မဖြစ် ဖြစ်အောင်လုပ်ပါ.....ပြီးတော့ မိမိရဲ့စိတ်
ကလေးကို အတက်နိုင်ဆုံးဖြူစင်အောင်နေသွားမယ်ဆိုရင် ပဲ အကောင်းဆုံးအသက်ရှင်နေထိုင်မှု့ဖြစ်ပြီး မြတ်ဘုရားရဲ့အလိုကျ
ကျင်းသုံးနေထိုင်ခြင်းလို့ပဲ ပြောရမှာဖြစ်ပါတယ်....
...

ချစ်တက်အောင်သင်

      ကိုယ်နဲ့မဆိုင်ပါဘူးဆိုပြီး အသာနေ အသာနေဆိုတဲ့ တလွဲဆံပင်
ဘေးထိုင်ဘုပြောတက်တဲ့ အကျင့်တွေ ကျွန်ုပ်တို့ စိတ်တွေထဲကို ဘယ်တုန်းကတည်းက ပုန်းခိုဝင်ရောက်နေတာလည်းဆိုတာတောင် မသိတော့ဘူး....ဒါကြောင့်မို့လည်း ဘယ်နေရာရောက်ရောက် ကျွန်ုပ်တို့
လူမျိုးတွေ အသိအမှတ်ပြု မခံရတာ တော်တော်ကြာခဲ့ပြီ.....ဒီအကြောင်းတရားတွေရဲ့ အဓိက တရားခံက ကျွန်ုပါအထင်တော့ မချစ်တက်သေးလို့ ၊မချစ်တက်သေးလို့
ဆိုတာပါပဲ......ကိုယ့်တိုင်းပြည် ကိုယ့်လူမျိုး ကိုတကယ်ချစ်တက်ရင်
ကျွန်ုပ်တို့ အားလုံး ဘယ်နေရာရောက်ရောက်
စည်းလုံးကြရမယ်...တစ်ယောက်အခက်အခဲကို တစ်ယောက်ကူညီ ဖြေရှင်းပေးတက်တဲ့ ကောင်းမွန်တဲ့ အသိတရားတွေရှိကြရမယ်....ဖတ်ဖူးခဲ့တဲ့ စာအုပ်တစ်အုပ်ထဲကအတိုင်းပြောရရင် ကိုယ့်မိဘကိုတောင်မှ မချစ်တက်သေးရင် သူတစ်ပါးကို ချစ်တက်ဖို့ဆိုတာ မဖြစ်နိုင်ဘူး....ကိုယ့်မိဘ ကိုယ့်ဆွေမျိုးတွေကိုမှ မချစ်တက်သေးရင်တော့ ကိုယ့်နိုင်ငံကိုယ့်လူမျိုးကို ချစ်တက်ဖို့ဆိုတာ
ဝေလာဝေးပေါ့.....ကျွန်ုပ်တို့ ကိုယ့်နိုင်ငံမှာနေစဉ်တုန်းကတော့ ကိုယ့်တိုင်းပြည်ကို ကိုယ်မချစ်တက်ခဲ့ကြပါဘူး....အကြောင်းအမျိုးမျိုးကြောင့် နိုင်ငံရပ်ခြား
တိုင်းပြည်တစ်ခုခုကိုရောက်ကြမှသာ ကိုယ့်တိုင်းပြည်ကို ချစ်တက်တက်
စိတ်တွေ  ကိုယ်စီဝင်လာကြတာပါပဲ....ကနဦးတုန်းကတော့ ရပ်ဝေးမြေခြားမှာနေကြရလို့ တစ်ဦးပေါ်တစ်ဦး ကူညီရိုင်းပင်းတက်တဲ့ စိတ်ကလေးတွေ ရှိနေကြပါသေးတယ် ဒါပေမယ့်လည်း တဖြည်းဖြည်းနဲ့
နိုင်ငံရပ်ခြားတွေမှာ ကိုယ့်လူမျိုးတွေ များပြားလာတဲ့အခါကြတော့ တစ်ဦးကိုတစ်ဦးမနာလိုဝန်တိုမှုတွေဖြစ်ကြ ကိုယ့်ထက်သာရင် မရှူစိတ်နိုင်တဲ့ စိတ်တွေဖြစ်ကြ၊နောက်ဆုံးတော့ တစ်ဦးနဲ့ တစ်ဦး မသိသလို နေထိုင်ကြတဲ့အဆင့်ထိရောက်သွားကြတာတွေ့မြင်ကြရပါတယ်
သူတစ်ပါးနိုင်ငံသားတွေမှာ အများဆုံးတွေ့မြင်ကြရတာကတော့ သူ့တို့လူမျိုးကို သူတို့ချစ်ကြတဲ့ စိတ်ပါပဲ.....ဘယ်နေရာမှာပဲကြည့်ကြည့် သူတို့ဟာ သူတို့လူမျိုးကို အရေးထား တက်ကြတယ်....ချစ်ခင်ကြတယ်.....ပြောရမယ်ဆိုရင်တော့ ကျွန်ုပ်တို့လူမျိုးတွေ ချစ်ခင်စည်းရုံးမှု မရှိ ကွဲပြားနေတာ တော်တော်လေးကို ကြာခဲ့နေပါပြီ....တိုင်းပြည်စီးပွားရေးတွေ ချွတ်ခြုံကျနေတာက လည်းတစ်ကြောင်း အုပ်ချုပ်သူတွေဘက်က လိုအပ်ချက်တွေကတစ်ကြောင်း အကြောင်းအမျိုးမျိုးကြောင့်လို့စွတ်စွဲပြောဆိုနေပေမယ့် အဓိက အဖြစ်ကတော့ စာရိတ္တ သတ္တိတွေ ပပျောက်နေတာကြောင့်ပါပဲ....လူတွေကို မဆိုထားပါနဲ့ သာသနာ့တွင်းသားပုဂ္ဂိုလ်တွေမှာတောင် ထိုကဲ့သို့ စိတ်မျိုးတွေ ရှိနေပါတယ်လို့ပြောရင် ကိုယ်ပေါင်ကိုယ်လှန်ထောင်းဆိုတဲ့ အဖြစ်လို
ဖြစ်နေမှာပါ...တကယ်လည်းရှိပါတယ်....တော်တော်များများတွေ့ရ
မြင်ရတာတွေကတော့ ဂိုဏ်းစွဲ ပါတီစွဲ အဖွဲ့စွဲတွေကြောင့်ဖြစ်ရတယ်လို့ထင်ပါတယ်....သေးသိမ်တဲ့ စိတ်ဓါတ်တွေ ဘယ်လိုကြောင့်များ သန့်ရှင်းမြင့်မြတ်တဲ့ သာသနာထဲကိုရောက်လာသလဲဆိုတာတော့ မတွေးတက်ပါဘူး.....မိမိတို့နှုတ်ဖျားကနေ တိုင်းပြည်ကို ချစ်ဖို့ လူမျိုးဘာသာ သာသနာကိုချစ်တက်ဖို့ ဘယ်လောက်ပဲ ပြောဆိုရေရွတ်နေပါစေ...ပင်ကိုယ်စိတ်ဓါတ်က ဖြူစင်မှုမရှိရင် ဘယ်တော့မှအရေးပါအရာရောက်လာမှာမဟုတ်ပါဘူး..ကိုယ်လုပ်နေသမျှ ကိုယ့်အတွက်သာ သူတစ်ပါးဆိုတာ ငါမဟုတ်ဘူး ငါနဲ့မဆိုင်ဘူးဆိုပြီး
ဘေးမှာရပ်ကြည့်နေတက်တဲ့ စိတ်မျိုးနဲ့ကတော့ ချစ်တက်တယ်လို့အော်ပြောနေလည်း အားညောင်းရုံပဲရှိမှာပါပဲ....အဲဒါကြောင့် မဟာဂန္ဓာရုံဆရာတော် ဘုရားကြီးက စိတ်ကောင်းရှိဖို့သာ ပထမလို့ ပြောခဲ့တာဖြစ်မယ်
လူတစ်ယောက် ဘယ်နေရာမှာ ဘာတွေပဲလုပ်လုပ် စိတ်ဓါတ်သာ
မကောင်းလို့ကတော့ ဘယ်တော့မှ အောင်မြင်မှာမဟုတ်ဘူး
နောက်ပြီး လူသားတွေရဲ့ ချစ်ခင်လေးစားမှုကိုရနိုင်မှာမဟုတ်ဘူး..
ဥပမာအနေနဲ့ ပြောရရင် ဗိုလ်ချုပ်အောင်ဆန်းတို့လို တစ်နိုင်ငံလုံးက
ဝိုင်းချစ်ကြသလိုမျိုး ချစ်ခင်လေးစားမှု့ကို ရနိုင်ဖို့ဆိုတာ မူရင်းစိတ်ဓါတ်ကိုက ရိုးသားဖြူစင်ဖို့လိုတာအမှန်ပါပဲ......အဲဒါဟာ ဘာကြောင်င့်္လဲဆိုရင် ဗိုလ်ချုပ်ရဲ့ ချစ်တက်တဲ့ စိတ်ဓါတ်ကြောင့်ပါပဲ..
ကိုယ့်တိုင်းပြည် ကိုယ့်လူမျိုးကို တော်စေချင် တက်စေချင် မြင့်မားစေ
ချင်တဲ့ ချစ်တဲ့စိတ်က သစ္စာတရားဖြစ်နေတာကြောင့် ထိပ်ကို မရောက်ရောက်အောင် ပို့ပေးလိုက်တာပါပဲ......
ပြောရမယ်ဆိုရင် လူတွေက ကိုယ့်အပေါ်ကို ချစ်ခင် လေးစား မြတ်နိုး
လာစေချင်တယ်ဆိုရင် ကိုယ်က တစ်ကယ်ချစ်ပြဖို့တော့လိုတယ်
အပေါ်ယံရွေမှုန်ကြဲ သလိုမျိုးတော့ သဘာဝတရားကြီးက သင့်အပေါ်
ထောက်ခံအားပေးမှာမဟုတ်တာတော့ သေချာတယ်...သတ္တ၀ါအားလုံးရဲ့
ကိုယ်းစားယုံကြည်ရာဖြစ်တော်မူသော မြတ်စွာဘုရား ကို လူတွေ ဘာကြောင့်ဆည်းကပ်ရိုသေကြတာလဲဆိုတော့ အဆိုးအကောင်း အားလုံးသောသတ္တ၀ါတွေ အပေါ်မှာ တန်းတူညီတူ ထားနိုင်တဲ့ မေတ္တာတရားကြောင့်ပါပဲ...သက်ရောက်မှု့တိုင်းမှာ
တန်ပြန်သက်ရောက်မှု့ရှိတယ်ဆိုတဲ့ နယူတန်ရဲ့ နိယာမ အတိုင်းဆိုရင်လည်း ကိုယ်က ဘာမှမပေးဘဲနဲ့တော့  ဘာမှ ပြန်ရမှာ
မဟုတ်တာတော့ သေချာတယ်.....ကိုယ်ကအတ္တတရားတွေနဲ့ လူတွေကို မချစ်တက်ရင် လူတွေကလည်း ပြန်ချစ်တက်မှာမဟုတ်ပါဘူး......အဲဒီလို တစ်ဦးနဲ့တစ်ဦး တစ်ဖွဲ့နဲ့တစ်ဖွဲ့ စိတ်ဝမ်းတွေကွဲ ကိုယ်နဲ့မဆိုင် သလို နေထိုင်ပြုမူနေသမျှတော့ ကျွန်ုပ်တို့တွေ ပါးစပ်က ကိုယ့်တိုင်းပြည် ကိုယ့်လူမျိုးကို ချစ်တယ်လို့ ပြောနေပါစေ အဲဒါ
ရယ်စရာဟာသတစ်ပုဒ်ဖြစ်နေမှာပါပဲ......စွန့်ရဲမှ စားရမယ်ဆိုတဲ့စကားလို ကိုယ်ကဘယ်လောက်အထိ တစ်ဘက်သားအပေါ် အနစ်နာခံပြီး ချစ်နိုင်သလဲ ၊ ပေးဆပ်နိုင်သလဲ၊ 
ကူညီစောင်မနိုင်သလဲဆိုတာ အပေါ်မှာချစ်တက်တယ်ဆိုတဲ့ မှတ်ကျောက်ကို ပေးနိုင်မှာပဲဖြစ်ပါတယ်......ပြောရမယ်ဆိုရင် လူတိုင်းဟာ ကိုယ့်ကိုယ်ကိုအရင်ချစ်တက်ဖို့ နောက်ပြီး ကိုယ့်ဆွေမျိုး
ကိုယ့်အသိုင်းအ၀ိုင်းကို ချစ်တက်ဖို့ ကိုယ့်တိုင်းပြည် ကိုယ့်လူမျိုးကို ချစ်တက်ဖို့ စာရေးဆရာတစ်ယောက်ပြောသလို အသာနေ အသာနေ
ဆိုပြီ နေကြ  တစ်နေ့ကြရင် အားလုံးအသေနာ ကြလိမ့်မယ် ဆိုသလို
ပဲ ကျွန်ုပ်တို့တွေ ကိုယ်နဲ့မဆိုင်ဘူး ဆိုပြီး ဘေးကနေရပ်မကြည့်နေကြပါနဲ့ ..ကိုယ်တိုင်းပြည် ကိုယ့်လူမျိုး
ကို အားလုံးဝိုင်းချစ်ကြပါ ....အမျိုးဘာသာ သာသနာကြီးကို ရေရှည်တည်တံအောင် စောင့်ရှောက်ကြပါ....
နောက်ဆုံးအနေနဲ့ပြောရရင် ကျွန်ုပ်တို့ ခေါင်းတွေထဲမှာ တော်တော်ကြာကိန်းအောင်းနေတဲ့ ငါ့ဘို့
ငါ့ဘို့ ဆိုတဲ့ ထုထည်ကြီးမားနေတဲ့ အတ္တတံတိုင်းကြီးကို ဖြိုချကြပါ....
လူရော ရှင်ရော အားလုံးကောင်းပါမှ ကျွန်ုပ်တို့တိုင်းပြည်ကြီး အေးချမ်းမှာဖြစ်လို့ အားလုံးချစ်တက်တဲ့
စိတ်တွေ ချမ်းသာကြပါစေ ၊ စိတ်ကောင်းစိတ်မြတ်လေးတွေ ဆထက်တပိုး မွေးမြူပျိုးထောင်နိုင်ကြပါစေလို့ ဆန္ဒပြုရင်း ...
        (ရွာတိုင်း ရပ်တိုင်း မြို့နယ်တိုင်း မှာ အများအပေါ် ချစ်တက်တဲ့
နှလုံးသားပိုင်ရှင်တွေ များများပေါ်ထွက်ကြပါစေ၊ ငါ့အတွက် ငါ့အတွက် ဆိုတဲ့ တစ်ဘို့ထဲ သမားတွေ ပပျောက်ပါစေ၊ ချစ်တက်
တဲ့ သူတွေပေါများတဲ့ လူ့အသိုင်းအ၀ိုင်း မှာကျင်လည်နိုင်ကြပါစေ
လို့ တောင်းဆုယူလျက်)