Wednesday, March 21, 2012

တစ်မနက်စာ လူ့ဘဝ

ပုပ္ဖာနိ ဟေဝ ပစိနန္တံ၊ ဗျာသတ္တမနသံ နရံ။
 အတိတ္တညေဝ ကာမေသု၊ အန္တကော ကုရုတေ ဝသံ
  ပန်းတို့ကို ကောင်းနိုးရာရာ ဆွတ်ခူးသောသူကဲ့သို့ ကာမဂုဏ်တို့ကို ဆွတ်ခူးလျက် မရသေးသည်ကို တောင့်တ၊ ရပြီးသည်ကို တွယ်တာ၊ လွန်စွာ ကပ်ငြိသည့် စိတ်ရှိသော ကာမဂုဏ်တို့၌ မရောင့်ရဲနိုင်သောသူကို သေမင်းယုတ်သည် မိမိအလိုအတိုင်း ပြုနိုင်၏
     ခုဒ္ဒကနိကာယ် ဓမ္မပဒပါဠိတော်  ပုပ္ဖ၀ဂ် ပဋိပူဇိက ကုမာရီဝတ္ထုကိုဖတ်ပြီး ခံစားမိတာနဲ့ ဒီအကြောင်းလေးကို ရေးလိုက်ရခြင်းပဲဖြစ်ပါတယ်....တကယ်တော့ လူ့ဘ၀ဆိုတာ အင်မတန်တိုတောင်းလွန်းလှတာကိုလူတွေကမေ့နေကြလို့သာ စားကာအိပ်ကာ ပျော်ရွှင်ကာနေနိုင်ကြတာပါ...ပဋိပူဇိကနတ်သမီးလေးအ
ကြောင်းကို အတိုချုပ်ပြောရမယ်ဆိုရင် တစ်နေ့ သောအခါ တာဝတိံသာနတ်ပြည်မှာ ပဋိပူဇိကာ အပါအ၀င် နတ်သမီးအယောက်ငါးရာ ဥယျာဉ်တော်မှာ သူတို့ အရှင်သခင်နတ်သားအတွက် ပန်းတွေခူးနေခိုက် ပဋိပူဇိက နတ်သမီး စုတိစိတ်ကျလို့ ဖြုတ်ခနဲ သေဆုံးသွားတယ်....မကြာသောအချိန်လေးမှာပဲ လူပြည့်ရဲ့ ချမ်းသာသော အမျိုးမှာ သွားဖြစ်တယ်..ပဋိပူဇိက နတ်သမီးအလောင်း
ကလေးမလေးဟာ သူဟာ ဘယ်ဘ၀ကလာတယ်ဆိုတာ မှတ်မိတဲ့ ဇာတိဿရ ဉာဏ်ကိုလည်းရတော့ သူ့ရဲ့အရင်ဘ၀ကို ပြန်လည်လိုချင်တာကြောင့် လူ့ဘ၀မှာ ရှိနေတဲ့ အခိုက် ကုသိုလ်ကောင်းမှု့တွေကို အားကျိုးမာန်တက် ကြိုးစားပြုတာပေါ့...
ဗုဒ္ဓဝေယျာဝေစ္စ ဓမ္မဝေယျာဝေစ္စ သံဃာ့ဝေယျဝေစ္စတွေ ကို မလစ်ဟင်းရအောင်ပြုရင် ကျင့်ဝတ်သီလနဲ့လည်းပြည့်စုံစေပါသတဲ့ အဲဒီလို ကောင်းမှု့ကို ပြုပြီးတိုင်းမှာလည်း သူဟာဆုတောင်းမှု့တစ်ခုကိုတစိုက်မတ်မတ် ပြုလေ့ရှိတယ်..အဲဒါကတော့ ဒီလိုပြုလုပ်ရတဲ့ကောင်းမှု့ကြောင့် အရင်ဘ၀က သူ့လင်တော်မောင် နတ်သားရှိတဲ့ တာဝတိံသာနတ်ပြည်မှာ ဖြစ်ရပါလို၏လို့ အမြဲလိုလိုဆုတောင်းပါသတဲ့...အဲဒီလိုနဲ့ အရွယ်ရောက်လို့ အိမ်ထောင်ကျပြီး ကလေးလေးယောက်ရပြီးတဲ့နောက် အသက်၅၀ လောက်မှာ ကွယ်လွန် အနိစ္စရောက် လို့ သူဆုတောင်းတဲ့အတိုင်းနတ်ပြည်မှာ ပြန်ဖြစ်တယ်...ခဏတာပျောက်သွားတာကို သတိထားမိတဲ့ နတ်သားက စောစောက ဘယ်ပျောက်သွားတာလဲလို့ မေးတော့ သူက ဒီနတ်ပြည်ကနေ စုတိရွေ့လျောပြီး လူ့ပြည်မှာလူသွားဖြစ်တယ်ဆိုတာပြောပြတယ်...အဲဒီမှာ နတ်သားက အင်မတန်အံ့သြပြီး လူ့ဘ၀ဆိုတာ ဒီလောက်တောင်မှ အသက်တမ်းတိုတောင်းလွန်းလှပါတကားလို့ သံဝေဂ ပွားမိသွားတယ်...ဒါနဲ့ နတ်သမီးကိုမေးတယ် ....ဒီလောက်သက်တမ်းတိုတောင်းတဲ့ လူ့ဘ၀မှာ လူတွေဟာ ကုသိုလ်ကောင်းမှုတွေကို အားကျိုးမာန်တက်လုပ်နေကြသလားလို့ပေါ့ ....နတ်သမီးကဖြေတယ်
လူတွေက ကုသိုလ်ကောင်းမှု့တစိုက်မတ်မတ်ကိလုပ်တဲ့သူအင်မတန်ရှားပါးကြောင်း
စားကာအိပ်ကာပျော်ရွှင်ကာသာ နေကြတဲ့အကြောင်းပြောပြတယ်...တာဝတိံသာနတ်ပြည်ရဲ့တစ်
မနက်စာလောက်သာရှိတဲ့ လူ့ဘ၀အချိန်လေးအတွင်းမှာ လူတွေဟာ ကုသိုလ်တရားတွေပြုဖို့မေ့နေကြတဲ့ အတွက် အဲဒီလူ့ဘ၀ကနေ ပျက်ရွှေ့ကွယ်လွန်တဲ့အခါ ကောင်းမွန်တဲ့ ဘ၀တွေကိုမရပဲ အပါယ်လေးဝကို ဆင်းသွားတဲ့သူတွေက များတယ်ဆိုတာ ဒီနေရာမှာ ဖော်ပြချင်တာပါ.....စားရေး ၀တ်ရေး နေရေး ဆိုတဲ့ ရေးပေါင်းများစွာနဲ့ လူ့ဘ၀ကြီးမှာအချိန်ကုန်ရင်းကောင်းမှု့ပြုရမယ်မှန်းမသိ ပျော်ရွှင်ယစ်မူး
နေကြတာ သံဝေဂ ယူစရာကောင်းပါတယ်....ရခဲလှတဲ့ လူ့ဘ၀ကြီးမှာ မိမိကိုယ်ကို အမြဲတမ်းအသက်ရှင်တည်ရှိနေမယ်လို့
ထင်မြင်ပြီး အေးအေးဆေးဆေး နေနေကြတာ တကယ်တော့ လူ့ဘ၀ဆိုတာ အင်မတန်တိုတောင်းလွန်းတဲ့ ကာလအတွင်း အသက်ရှင်နေနေကြရတယ်ဆိုတာ နားလည်သဘောပေါက်သင့်လှပါတယ်
  ရခဲလှတဲ့လူ့ဘ၀ ၊ကြားနာခဲလှတဲ့ ဗုဒ္ဓတရားတွေကို နာကြားခွင့်ရခိုက်မှာ မိမိတို့ အနေနဲ့ မေ့လျော့ပေါ့ဆ မနေဘဲ ကုသိုလ်တရားတွေကို ဆည်းပူးဖြည့်ကျင်ကြဖို့ လိုအပ်လှပါတယ်...အဲဒီလိုမှမဟုတ်ပဲ ပေါ့တီးပေါ့ဆ နေထိုင်ရင်း လူ့ဘ၀ရဲ့တန်ဖိုးရှိတဲ့ အချိန်တွေကို ဖြုန်းတီး ပစ်လိုက်မယ်ဆိုရင်တော့  မိုက်မဲရာ ကျမှာဖြစ်ပြီး မိမိကိုယ်ကို တူးဖြို
ဖျက်ဆီးပစ်ရာရောက်သွားမှာဖြစ်ပါတယ်......ယနေ့ခေတ်ကြီးမှာ လူတွေရဲ့သက်တမ်းဟာ အင်မတန် တိုတောင်းသွားပါပြီ...
အသက်ရာကျော်နေနိုင်တဲ့ သူဆိုတာ အင်မတန်ရှားသွားပါပြီ
ဒီလို အသက်ရှင် နေစဉ်အတွင်း အရေးပေါင်းများစွာနဲ့ မေ့လျော့ ပေါ့ဆမနေသင့်တော့ပါဘူး.....ဒါကြောင့် 
ကိုယ့်ဘ၀ ရိက္ခာထုပ်ကို တစ်ခြားဘယ်သူမှ ကူညီထုပ်ပိုးပေးလို့ မရပါဘူး မိမိအတွက် မိမိကိုယ်တိုင် ထုပ်ပိုးပြင်ဆင်ထားနိုင်မှသာလျှင်မိမိဘ၀အတွက် စိတ်ချလက်ချ နေနိုင်မှာဖြစ်ပါတယ်....ဒါကြောင့်တစ်မနက်စာ လူ့ဘ၀လေးကို တန်ဖိုးရှိရှိ အသုံးချရင်း ကောင်းမွန်တဲ့ ဘ၀တွေကို ပိုင်ဆိုင်နိုင်ဖို့ အတွက် အားလုံးသောအရေးတွေထက် မိမိဘ၀အတွက် 
ကောင်းမှု့ တရားတွေကို ဖြည့်ဆည်း ထုပ်ပိုးနိုင်ကြဖို့လိုအပ်လှပါကြောင်း တင်ပြရင်း........။

No comments:

Post a Comment